အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ (GYM) နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်လမ်းညွှန်မှုဖြင့် နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် နည်းပြကောင်း များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ GYM နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်း အနား ကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဂျပန်နိုင်ငံမှ GYM နည်းပြ Mr.Mitsuru Inoue နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် နည်းပြဆရာကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ရေရှည်စီမံကိန်းများဖြင့် အဖက်ဖက်မှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အားကစားလောက ဖွံ့ဖြိုးတိုးတက်စေရန် နည်းပြများ၏ အခန်းကဏ္ဍသည် အရေးပါ သည့်အတွက် အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု/ GYM နည်းစနစ်များကို အခြေခံမှစ၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ယခု GYM နည်းပြသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သည့် နည်းပြများအနေဖြင့် နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲနေသည့် ကြံ့ခိုင်မှုနှင့်ပတ်သက်သည့် နည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူ တတ်မြောက်စေဖို့အတွက် ယခုသင်ကြားပို့ချမည့် နိုင်ငံခြားနည်းပြများ၊ ကျွမ်းကျင်သည့် မြန်မာနည်းပြဆရာများထံမှ နည်းစနစ်များကို ရနိုင်သမျှကြိုးစားလေ့လာ သင်ယူကြရန် လိုအပ်ကြောင်း၊ မိမိတို့ကိုယ်တိုင် နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်မှ အားကစားသမားများကို အကောင်းဆုံး လေ့ကျင့်သင်ကြားပေးနိုင်မည် ဖြစ်သည့် အတွက် သင်တန်းတွင် သင်ကြားပို့ချသည့် ပညာရပ်များဖြင့် အားကစားသမားများ၏ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာအောင် မှန်ကန်သည့် နည်းစနစ်များကို အထောက်အကူပြု သင်ကြားပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် နည်းပြဆရာကောင်းများဖြစ်အောင် အထူးကြိုးစားသင်ယူပြီး လေ့လာဆည်းပူးကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ဂျပန်နိုင်ငံမှနည်းပြဆရာ Mr.Mitsuru Inoue ၊ ကိုရီးယားနိုင်ငံမှ နည်းပြဆရာ Mr.Youn Byung Sun နှင့် မြန်မာနိုင်ငံမှနည်းပြ(၇)ဦးတို့မှ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၃၅)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် နေပြည်တော် လူငယ်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်သင်ကြားလေ့ကျင့်ပေးလျက်ရှိသော Youth Camp နည်းပြဆရာများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ SEA Games တွင် အောင်မြင်ခဲ့သည့် အားကစားနည်း (၂၀) နည်းကို အခြေခံ၍ Youth Camp တွင် အဆိုပါ အားကစားနည်းများအား ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသည့် ပညာရပ်များ/နည်းစနစ်များကို ကိုယ်တိုင်သရုပ်ပြကစားပြ၍ အားကစားသမား များကို စနစ်တကျ လက်တွေ့လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ ခေတ်မီတိုးတက်ပြောင်းလဲနေသော နည်းစနစ်များ၊ ပင်ကိုယ်အရည်အသွေးများ တိုးတက်အောင် အစဉ်အမြဲ ကြိုးစားလေ့လာနေရန်လိုကြောင်း၊ မိမိအားကစားသမားများ၏ အားနည်းချက်/အားသာချက်များကို သုံးသပ်ပြီး ထူးချွန်သည့် အားကစားသမားများဖြစ်အောင် စနစ်တကျ ပြုစုပျိုးထောင်၍ လေ့ကျင့်သင်ကြား ပေးရန်လိုကြောင်း၊  အားကစားသမားများမှ ယုံကြည်လေးစားအားကိုးရသည့် နည်းပြဆရာကောင်းများ ဖြစ်အောင် ပြုမူပြောဆိုနေထိုင်ကျင့်ကြံရန်လိုကြောင်း၊ အားကစားအပေါ် စိတ်ပါဝင်စားပြီး ယှဉ်ပြိုင် အနိုင်ရလိုစိတ်၊ အနိုင်မခံ အရှုံးမပေးသောဇွဲ/စိတ်ဓါတ်များ ရှိလာအောင် နည်းပြများမှ သွန်သင်ဆုံးမ လမ်းပြပေးရန်လိုကြောင်း၊ အားကစားသမားများကို စည်းလုံးချစ်ခင်မှုဖြင့် နွေးထွေးစွာ ပြောဆိုဆက်ဆံ၍ နည်းပြများအပေါ် ယုံကြည်မှုရှိလာအောင် လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်မှ အားကစားလောက တိုးတက်အောင်မြင်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။