အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန်(၂၀)ရက်။

ပြေးခုန်ပစ်အားကစားနည်းမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုဝန်ကြီးမှ လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)ရှိ ပြေးခုန်ပစ်အားကစား နည်းပြများအား  တွေ့ဆုံအမှာစကား ပြောကြားခြင်းကို ယနေ့မွန်းလွဲ (၃)နာရီ တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌   ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ Youth Camp မှ  တာဝန်ရှိသူများနှင့် ပြေးခုန်ပစ်အားကစားနည်းမှ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားသမားများကို အားကစားနည်း အလိုက်စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်အတွက် နည်းပြများရှိရန် လိုအပ်ကြောင်း၊ အားကစား လောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရာတွင် နည်းပြများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို စိတ်ပါဝင်စားပြီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စေတနာ အပြည့်အဝထားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်းစနစ်ကျနစွာ ဆောင်ရွက်ရန်လိုကြောင်း၊ အားကစားသမားများကို နိုင်ငံ့ကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားကောင်းများ ဖြစ်လာစေရန် စနစ်တကျ အချိန်မှန်မှန် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ နည်းပြများသည် ခေါင်းဆောင်ကောင်းပီသစွာဖြင့် မိမိကစားသမားများကို မိသားစုစိတ်ဓါတ်ဖြင့် ညီအကို၊ မောင်နှမသဖွယ် ပြုမူဆက်ဆံပြီး နည်းပြကောင်းတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အရည်အချင်း အင်္ဂါရပ်များနှင့်အညီ အားကစားသမားများ လေးစားအတုယူ အားကျရသော နည်းပြကောင်းများအဖြစ် ပြုမူနေထိုင်သွားလာရန် လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ အားသာချက်/ အားနည်းချက်များကို သိရှိထားပြီး ၎င်းတို့၏ အရည်အသွေး တိုးတက်လာအောင် အကောင်းဆုံး လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် နည်းပြ ကောင်းမှ အားကစားသမားကောင်းများ ပေါ် ထွက်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ အားကစားကဏ္ဍနှင့်ပတ်သက်၍ ထိုက်သင့်သည့် ချီးမြှင့်မြှောက်စားမှုများ ပြုလုပ်ပေးလျက်ရှိသည့်အတွက် လာမည့် SEA Games တွင် ယခုထက် အောင်မြင်မှုများ ပိုမိုရရှိစေရန် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ အားကစားသည် စိတ်ပိုင်းဆိုင်ရာနှင့် ဆက်နွယ်နေသည့်အတွက် နည်းပြများမှ အားကစားသမားများအပေါ် ကျောသား ရင်သားမခွဲခြားဘဲ အားလုံးကို တန်းတူညီမျှ ဆက်ဆံရန်လိုကြောင်း၊ သို့မှသာ နည်းပြနှင့် အားကစားသမားများ အချင်းချင်းအပြန်အလှန် ယုံကြည် လေးစားမှု ရရှိမှာဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမှ လေ့ကျင့်မှု(Training)များ ကောင်းမွန်စွာ ပြုလုပ်နိုင်မှာ ဖြစ်သည့်အတွက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊  Youth Camp တွင် နည်းပြတာဝန်ထမ်းဆောင်နေစဉ် ကာလ အတွင်း အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အချိန်မရွေးတင်ပြနိုင်ပြီး ဌာနအနေဖြင့်  ကူညီပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။