အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန်(၁၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ယနေ့နံနက် (၉:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

သစ်ပင်စိုက်ပျိုးပွဲ၌ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးတို့က စိန်တလုံးသရက် ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ သတ် မှတ် နေရာများတွင် စိန်တလုံးသရက်ပျိုးပင် (၆၀၀)ခန့် စိုက်ပျိုးခဲ့ကြပါသည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊  ဒုတိယဝန်ကြီးနှင့်ဌာန ဆိုင်ရာအကြီးအကဲများက ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး နောက် ၂၀၂၂ခုနှစ်၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ်(၁) ၌  ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးတို့က ငါးမြစ်ချင်းသား ပေါက်များကို ဦးဆောင်ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများက ဆက်လက်၍ ကန်အတွင်းသို့ ငါးမြစ်ချင်းသားပေါက် ကောင်ရေ (၁၅၀၀၀) ခန့်ကို ငါးမျိုးစိုက်ထည့် ပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ မွန်းလွဲ(၁:၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊  ပြည်နယ်/တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စများနှင့် သိပ္ပံကျောင်းများသင်ကြားမှု အခြေအနေများကို ဆွေးနွေးလိုသည့်အတွက် ယခု အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ တာဝန်ခံများအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာကိစ္စရပ်များကိုပါ ပူးတွဲဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်ရေးရာနှင့်ပတ်သက်၍ ပြည်နယ်/တိုင်းဒေသကြီးများတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများတွင် အားကစားပြိုင်ပွဲများ ကျင်းပသည့်အခါတွင် ဝန်ကြီးဌာနအမည်ကိုသာ အသုံးပြုသွားရန် တာဝန်ခံညွှန်ကြားရေးမှူးများမှ စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ လုံခြုံရေးအခြေအနေအရ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် အထူးဂရုစိုက်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ သိပ္ပံကျောင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှု ကိစ္စအဝဝကို ထောက်ပံ့ပေးလျက်ရှိသည့်အတွက် သိပ္ပံကျောင်းသားများအား ရွေးချယ်မှုပြုလုပ်ရာတွင် အရည်အသွေးရှိသည့် သင်တန်းသားများကို စနစ်တကျ မှန်မှန်ကန်ကန် ရွေးချယ်ရန်လိုကြောင်း၊ ကျောင်းအုပ်ကြီးများမှ အားကစားတွင် အမှန်တကယ် အထောက်အပံ့ပေးနိုင်မည့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းတစ်ယောက် ဖြစ်လာ နိုင်စေရေးကိုရည်ရွယ်ပြီး အားကစားအခြေခံရှိသူများကို ဦးစားပေးအလေးထား ရွေးချယ်သွားရန်လိုကြောင်း၊ တာဝန်ခံညွှန်ကြားရေးမှူးများ နယ်မြေကွင်းဆင်း စစ်ဆေးရာတွင် အရည်အချင်းရှိပြီး Talent ရှိသည့် ကစားသမားများကို တွေ့ရှိပါက ဝန်ကြီးဌာနသို့ သတင်းပို့တင်ပြသွားရန်နှင့် ဌာနမှ စိစစ်ပြီး  Camp သွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက် အားကစားသမား များ အာဟာရမျှတစေရေး၊ ပရိုတင်းဓါတ်ရရှိစေရေးနှင့် ကျန်းမာရေးအထောက် အကူပြုစေရန်အတွက် ကယ်လိုရီတွက်ချက်ပြီး အာဟာရပြည့်ဝအောင် ကျွေးမွေးသွားရန်လိုကြောင်း၊ သိပ္ပံကျောင်းအုပ်ကြီးများ အနေဖြင့် မိမိကျောင်းမှ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများထွက်ပေါ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ် ဆောင်ရွက်ရန်လိုကြောင်းနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊   31st SEA Games တွင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်မှုများကြောင့် အောင်မြင်မှု ဆုတံဆိပ်များကို ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊  နည်းပြများမှ အားကစားသမားများ ပြိုင်ပွဲများတွင် အနိုင်မခံ အရှုံးမပေးသည့် စိတ်ဓါတ်ဖြင့် ရေကုန်ရေခမ်းကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားသမားကောင်း စိတ်များထားရှိစေရေး လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ ကိုဗစ်ကာလ ကျော်လွန်ပြီဟု ယူဆရသည့်အတွက် ပြည်နယ်/တိုင်းဒေသကြီးများတွင် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားပြိုင်ပွဲများကို ပြန်လည်ကျင်းပပေးရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ အနေဖြင့် မိမိဌာနရှိ ဝန်ထမ်းများ၏ အားသာချက်/အားနည်းချက်များနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုပညာ ရပ်များကို စိစစ်ပြီး  မိမိဌာန အောင်မြင်တိုးတက်စေရေးအတွက် လုပ်ငန်းတာဝန်များကို စနစ်တကျ စီမံခန့်ခွဲပေးရန်လိုကြောင်း၊ ယခုအချိန်သည် ရာသီကူးပြောင်းသည့် ကာလဖြစ်သည့်အတွက် မိမိနှင့် မိသားစုများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ ဝန်ထမ်းခန့်ထားမှုအခြေအနေများ၊ သင်တန်းသားအသစ် ရွေးချယ်မှုဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားအရည်အချင်း သတ်မှတ်ချက် များ၊ အားကစားနည်းအလိုက် နည်းပြခန့်ထားမှု အခြေ အနေများ၊ သိပ္ပံကျောင်းသားတက်ရောက်မှု အခြေအနေများနှင့် အထွေထွေကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ခြုံငုံသုံးသပ် ဆွေးနွေးစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။