အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် အားကစားလေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ်လ(၃၁)ရက်။

နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာ့လက်ရွေးစင်အားကစားသမားများ Covid-၁၉ ကာလအတွင်း အားကစားလေ့ကျင့်နေမှု အရှိန်အဟုန် မပြတ်စေရန်အတွက် Covid-၁၉ စည်းကမ်းနှင့်အညီ‌ လေ့ကျင့်ဆောင်ရွက်နေမှုများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၈)နာရီ အချိန်တွင် လိုက်လံကြည့်ရှုစစ်ဆေးပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Fitness Center ၌ လေ့ကျင့်လျက်ရှိသော ဂျူဒိုအားကစားနည်း၏ Physical Training လေ့ကျင့်နေမှု ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ လေ့ကျင့်လျက်ရှိသော ဝန်ကြီးဌာန အမျိုးသမီးဘောလုံးအားကစားသမားများ လေ့ကျင့်နေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ အားကစားသမားတစ်ဦးချင်း၏ ကျန်းမာရေး လိုအပ်ချက်များ အားကစားအထောက်အကူပြုပစ္စည်း လိုအပ်ချက်များနှင့် အားကစားသမားများ အလုပ်အကိုင်ရရှိရေး ကိစ္စရပ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များဖြည့်စည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပိုက်ကျော်ခြင်းအားကစားရုံ၌ လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ အားကစားသမားများ၏ လေ့ကျင့်မှု အရှိန်အဟုန် မပြတ်စေရေးအတွက် Covid-၁၉ ကာလတွင် ကျန်းမာရေးကို တစ်ဦးချင်းကိုယ်စီ အထူးဂရုစိုက်နေထိုင်ရေးသည် အရေးကြီးပါကြောင်း၊ Covid-၁၉ ကူးစက်ခံရသော အားကစားသမားများ ပြန်လည်ကျန်းမာသန်စွမ်း၍ လေ့ကျင့်မှု အပြည့်အဝ ပြန်လည်ပြုလုပ်နိုင်ရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗိုဗီနမ်အားကစားရုံ၌ ဗိုဗီနမ်အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဝန်ကြီးဌာနဘောလီဘောအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ဝူရှူး၊ ဆန်းဆို အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိမြားပစ်အားကစားကွင်း၌ မြားပစ် အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း အသီးသီးကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား အားကစားသမားများ စံချိန်စံညွှန်းကောင်းမွန်ရေး၊ မျိုးဆက်သစ် အားကစားသမား ရရှိစေရေး ကိစ္စရပ်များ၊ အားကစားနည်းအလိုက် နိုင်ငံခြားနည်းပြများ အချိန်မီ ငှားရမ်းလေ့ကျင့်ပေးနိုင်ရေးကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။