အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ၊ မိတ္ထီလာခရိုင် အားကစားကွင်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာလ(၅)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် (၈)နာရီအချိန်တွင် ရှမ်းပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများနှင့် မိတ္ထီလာခရိုင် အားကစားကွင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် ရွှေညောင်မြို့ အားကစားကွင်းနှင့် မြို့နယ်ဦးစီးဌာနရုံးနှင့်နေအိမ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ နိုင်ငံ့အားသည် လူငယ်များပင် ဖြစ်ပါကြောင်း၊ လူငယ်များ ကာယကြံ့ခိုင်မှု-စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်များ လမ်းမှားမရောက်စေရေးအတွက် လူငယ်များ အားကစားကွင်း/အားကစားရုံများသို့ လာရောက်ပြီး အားကစားကို စိတ်ပါဝင်စားစွာ လာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့နယ် အားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်းအားရေရှည်ကောင်းမွန်အောင်ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူများ အားကစားကို စိတ်ပါဝင်စားပြီး လာရောက်ပျော်ရွှင်စွာ ကစားနိုင်ရေးစီစဉ်ဆောင်ရွက်လာနိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း လိုအပ်သည့် ကွင်းပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အထောက် အပံ့ပစ္စည်းများအား ဌာနမှ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။