အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရှိ သင်တန်းသား/သူများနှင့်အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခြင်း

မော်လမြိုင်၊ ဩဂုတ်လ (၁၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦးသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက် (သောကြာနေ့) ညနေ (၁၆:၁၅)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)သို့ ရောက်ရှိပြီး သင်တန်းသား/သင်တန်းသူများ အားကစားလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နည်းပြများအား သင်တန်းသားများ လေ့ကျင့်သင်ကြားပေးရာတွင်အခြေခံကို ပိုင်နိုင်ကျွမ်းကျင်စွာ အဓိကထား လေ့ကျင့်ရန်၊ သင်တန်းသား များ၏ ယခုလက်ရှိအသက်အရွယ်တွင် စံချိန်သည် အဓိကမဟုတ်၊ နည်းစနစ်မှန်ကန်အောင် အထူးလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ အားကစားလေ့ကျင့်ရာတွင် အားကစားအောင်နိုင်ရေးအတွက် ကြိုးစားကြရန်၊ သင်တန်းသားများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရန်၊ Youth Campနှင့် Gold Camp တို့မှတဆင့် လက်ရွေးစင်ဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်နှင့် ထိုမှတဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန်အတွက် ဆုတံဆိပ်ရရှိအောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသွားပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်(စနေနေ့) နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် စားရိပ်သာခန်းမ၌ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှဆောင်ပုဒ်ဖြစ်သည့် ကျန်းမာရေးသည်ပထမ၊ စည်းကမ်းသည်ဒုတိယ၊ စံချိန်သည်တတိယဆိုသည့်အတိုင်း သင်တန်းသားများ ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်လေ့ကျင့်ကြရန်လိုကြောင်း၊ သင်တန်းသားများ၏ ပညာရေးနှင့်ပတ်သက်၍ တစ်နှစ် တစ်တန်းစာမေးပွဲအောင်မြင်ရန်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ရန် ကြိုးစားကြရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှာကြားထားသည့် Proud မဖြစ်ရန်နှင့် Pride ဖြစ်အောင် နေထိုင်ကြရန်လိုကြောင်း၊သင်တန်းသားများအနေဖြင့်ပြင်ပရှိကလေးများထက် နိုင်ငံတော်မှထူးကဲစွာ ထောက်ပံ့မှုရရှိသည့်အတွက် နိုင်ငံတော်အပေါ်ကျေးဇူးသစ္စာစောင့်သိကြရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများနှင့် အတူနေ့လယ်စာသုံးဆောင်ခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် အုပ်ချုပ်မှုရုံး စုပေါင်းခန်းမ၌ အရာထမ်း/အမှုထမ်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားဆက်လက်ကျင်းပခဲ့ရာ ပထမဦးစွာ အရာထမ်း/အမှုထမ်းများမှတစ်ဦးချင်းမိတ်ဆက်ခဲ့ပါသည်။

၎င်းနောက်ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ထမ်းများမှတင်ပြစရာရှိသည်များ တင်ပြရန် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရင်းရင်းနှီးနှီးမေးမြန်းခဲ့ပြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကတာဝန်(၂)ရပ်ရှိကြောင်း၊ (National Fitness) တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် Excellent Sport တို့ဖြစ်ကြောင်း၊ မြန်မာ့အားကစားတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ထမ်းဆောင်သည့်နေရာ၊ ဌာနတွင် အကောင်းဆုံးတာဝန်ထမ်းဆောင်ရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) တိုးတက်အောင်မြင်အောင်လုပ်ဆောင်ရန်လိုကြောင်း၊ ဝန်ထမ်းများ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ဝန်ထမ်းများအနေဖြင့် အလုပ်စတင်လျှောက်ထားရာတွင် မည်သည့်ဒေသမဆိုတာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုး၍ တာဝန်ထမ်းဆောင်ခြင်းအား မမေ့ရန်လိုကြောင်း၊ ဝန်ထမ်းများ ဘာသာတရား၊ အသိတရားလက်ကိုင်ထားပြီး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ရန်လိုကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းတိုးတက်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကားပြောကြားသွားခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၊ ကျောင်းအုပ်ကြီး ဦးနေမျိုးလွင်မှ နိုင်ငံတော်အကြီးအကဲလာရောက်စစ်ဆေးသည့်ခရီးစဉ်များတွင် အကြီးအကဲထံသို့ ပြည့်စုံကောင်းမွန်စွာ တင်ပြနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့်ပတ်သက်၍ ကျောင်းမြေနေရာ (Google Map)၊ ကျောင်းမြေနေရာ(Layout Plan) ၊ အားကစားကွင်း/ရုံရေကူးကန်များ၏ ရာဇဝင်တင်ပြချက်၊ အားကစားနှင့်ကာယပညာသိပ္ပံများ၏ အားကစားနည်းအလိုက် သင်တန်းသားအင်အားနှင့် နည်းပြ အင်အားစာရင်း၊ ပညာသင်နှစ်အလိုက်အောင်မြင်မှုများအား ဒုတိယညွှန်ကြားရေးမှူးချုပ်(၁)ထံသို့ ကားချပ်များဖြင့် ရှင်းလင်းတင်ပြလမ်းညွှန်မှုခံယူခဲ့ပါသည်။

အဆိုပါ သင်တန်းသားများနှင့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံလမ်းညွှန်ခြင်း အခမ်းအနားများသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(၁) ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်၊ ဒုတိယကျောင်းအုပ်ကြီးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထွန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ အရာထမ်း/ အမှုထမ်းများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။