အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အုပ်ချုပ်/နည်းပြများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ မေ(၂၄)။

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)မှ အုပ်ချုပ်/နည်းပြများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အုပ်ချုပ်/နည်းပြများအနေဖြင့် နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲများနှင့်လိုအပ်ချက်များရှိပါက တာဝန်ခံ ညွှန်ကြားရေးမှူးမှတဆင့် တင်ပြနိုင်ကြောင်း၊ အားကစားနည်းအလိုက် တိုးတက်ပြောင်းလဲ နေသည့် နည်းစနစ်များ၊ နည်းဥပဒေနှင့် စည်းမျဉ်း/စည်းကမ်းများကို အမြဲတမ်းသိရှိအောင် လေ့လာ ဆည်းပူးမှတ်သားနေရန်လိုကြောင်း၊ မိမိအားကစားသမားများကို ပြန်လည်သင်ကြားပို့ချ လေ့ကျင့် ပေးသွားရန်လိုကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့၏ တပည့်သားသမီးများအပေါ် ဘက်လိုက်မှုမရှိဘဲ၊ ကျောသားရင်သားမခွဲခြားဘဲ သင်ကြားပြသပေးပြီး ပြောဆိုဆုံးမ သွန်သင်ပေးသွားရန်လိုကြောင်း၊ အားကစားသမားတိုင်းသည် နည်းပြကောင်းများ မဖြစ်နိုင်သလို နည်းပြတိုင်းသည် အားကစားသမားကောင်းများဖြစ်ဖို့လိုကြောင်း၊ ဒါ့ကြောင့် နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ စိတ်ခံစားချက်၊ လိုအပ်ချက်များ၊ အားနည်းချက်များ နှင့် အားသာချက်များကိုသိရှိအောင် အမြဲတမ်းဂရုစိုက် စောင့်ကြည့်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တာဝန်ခံညွှန်ကြားရေးမှူး ဦးစန်းချိုက လူငယ်မျိုးဆက်သစ်အားကစားသမားမှ မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာအောင် စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိသည့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးရခြင်း၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် အကောင်းဆုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားနည်းအလိုက် အမှန်တကယ် အရည်အချင်းရှိပြီး ထူးချွန်သူ၊ လက်ရွေးစင်ဖြစ်နိုင်ပြီး အလားအလာရှိသည့် အားကစားသမားများ ထပ်မံရွေးချယ်လေ့ကျင့်ပေးလိုသည့် အမည်စာရင်းအား အုပ်ချုပ်မှုအဖွဲ့ထံ တင်ပြပေးသွားရန်လိုကြောင်း၊ စခန်းသွင်းလေ့ကျင့်ခွင့်ရရှိရေးအတွက် တာဝန်ရှိသူများထံ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြ များမှ လိုအပ်သည်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တင်ပြချက် များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံ ဆက်လက်တင်ပြပေးသွားမည်ဟု ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။