အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၃)။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများနှင့် လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းသားများအား နှစ်ချုပ်သုံးသပ်အစည်းအဝေး ကျင်းပပြုလုပ်ပြီးစီးမှုနှင့်ပတ်သက်ပြီး လက်ကျန်အင်အားစာရင်း၊ လာမည့်ပညာသင်နှစ်တွင် သင်တန်းသားထပ်မံရွေးချယ်မှုအင်အားစာရင်းနှင့် ဆက်လက်လေ့ကျင့်မည့် အားကစားနည်းအမျိုးအစား Long Term Plan ၊ Short Term Plan များနှင့် အားကစားနှင့်ကာယပညာသိပ္ပံ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အချက်များအား ပြုပြင်ပြောင်းလဲရန်အတွက် အကြံပြုတင်ပြဆွေးနွေးပေးသွားရန် ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများက သိပ္ပံကျောင်းရည်ရွယ်ချက်များနှင့် လူရွေးချယ်ရာတွင် ယခင်ရွေးချယ်ရန် စံသတ်မှတ်ချက်များနှင့်ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပေးစေလိုသည့် အချက်များအားလည်းကောင်း၊ ယခုပညာသင်နှစ်တွင် အင်အားလျှော့မည့် သင်တန်းသားအင်အားစာရင်း၊ လက်ကျန်အင်အားစာရင်း၊ လာမည့်ပညာသင်နှစ်တွင် သင်တန်းသားသစ်ရွေးချယ်မည့် လျာထားအင်အားစာရင်း၊ ဆက်လက်လေ့ကျင့်ပေးမည့် အားကစားနည်းများ၊ နည်းပြ (ရှိရင်း/လိုအပ်)အင်အားစာရင်း၊ ဝန်ထမ်းလိုအပ်ချက် ကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီးအကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးတင်ပြရာတွင် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ဝန်ထမ်း (ပြောင်းရွေ့ခြင်းနှင့် ရာထူးတိုး) ကိစ္စရပ်များအား ဘတ်ဂျက်ပေါ်မူတည်၍ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးချယ်ရေးစံသတ်မှတ်ချက်များနှင့်ပတ်သက်ပြီး သိပ္ပံကျောင်းများအားလုံးညှိနှိုင်း၍ အားကစားနည်းအလိုက် (မူ)ချမှတ်ပြီးရွေးချယ်ပါက မျိုးဆက်သစ်အားကစားသမား များစွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ နည်းပြအရည်အသွေးမြှင့်တင်ပေးနိုင်ရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်းနှင့် သိပ္ပံကျောင်းများသည် အရေးကြီးသည့်အတွက် အားကစားသမားများအား သုတေသနပြုလုပ်ခြင်းနှင့် လေ့ကျင့်ခဲ့မှုမှတ်တမ်းများအား စစ်တမ်းကောက်ယူပြီး အားကစားနည်းအလိုက် အရည်အချင်းစံသတ်မှတ်၍ မှန်မှန်ကန်ကန်ရွေးချယ်ပြီး စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ အားကစားနည်းနှင့်ကိုက်ညီပြီး အမှန်တကယ် အရည်အချင်းရှိသည့် နည်းပြများအား တာဝန်ပေးလေ့ကျင့်သင်ကြားစေပြီး အိုလံပစ်အားကစားနည်းများကို ယခုကတည်းက အဓိကထားပြီး မျိုးဆက်သစ်များမွေးထုတ်လေ့ကျင့် ပေးသွားရန်လိုကြောင်း ဖြည့်စွက်၍အကြံပြုဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အနေဖြင့် ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် သင်တန်းသားရွေးချယ်မှု စံသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး အဖွဲ့ချုပ်များ၊ လက်ရွေးစင်အားကစားသမားဟောင်းများနှင့် ချိတ်ဆက်၍ အားကစားနည်းအလိုက် ရှိသင့်သည့် ကိုယ်ခန္ဓာအချိုးအစား အသက်၊ အရပ်နှင့် ဦးစားပေးရွေးချယ်ရမည့် စံသတ်မှတ်ချက်များ (မူ)သတ်မှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသား အရေအတွက်ပြည့်မှီစေရန်မဟုတ်ဘဲ အမှန်တကယ်အရည်အချင်းရှိပြီး ပြုစုပျိုးထောင်လေ့ကျင့်ပေးပါက မျိုးဆက်သစ်အားကစားသမားမှ လူငယ်လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်အားကစားသမားအဆင့်ထိ ရောက်နိုင်မည့်သူများရရှိအောင် သင်တန်းသားသစ်ရွေးချယ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ရှိသူများအား ကြိုတင်ချိတ်ဆက်၍ စနစ်တကျလေ့ကျင့်ပေးပြီးမှ ရွေးချယ်သွားရန်လိုကြောင်း၊ အသင်းလိုက် အားကစားနည်းများတွင် သတ်မှတ်အင်အားမပြည့်ဘဲ ရွေးချယ်လေ့ကျင့်ပေးနေမည့်အစား အခြားအားကစားနည်းအား ပြောင်းလဲလေ့ကျင့်ပေးပါက ပိုမိုအကျိုးရှိလာနိုင်ကြောင်း၊ သိပ္ပံကျောင်းများအနေဖြင့် ပညာရေးပိုင်းနှင့် အားကစားပိုင်းမှာပါ ထူးချွန်သူများ မွေးထုတ်ပေးရန်လိုကြောင်း၊ BSc Sports တက်ရောက်နေသူများသည် အားကစားသမားစစ်စစ်ဖြစ်ပြီး အားကစားတွင် အမှန်တကယ်အောင်မြင် ကျွမ်းကျင်သူများဖြစ်မှသာ အားကစားလောကတိုးတက်အောင် ဆောင်ရွက်နိုင်မည့်သူများ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။