အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ တိုက်တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၁)။

နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) အိမ်ရာ/အဆောင်များ ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဦးမှ Cluster အလိုက် Buildings တစ်ခုချင်းစီ၏ တိုက်တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်(၉:၃၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံ/ဘဏ္ဍာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစန်းချို၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုက်တာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက(Gold Camp)အတွင်း နေထိုင်လျက်ရှိသော ဝန်ထမ်းများမှ ဂိတ်လုံခြုံရေးကို ပေါင်းစပ်ကူညီဆောင်ရွက်‌ပေးရန် လိုကြောင်း၊ မိမိတို့အဆောင်လုံခြုံရေးကို အဆောင်တွင်နေထိုင်သူအားလုံး၌ တာဝန်ရှိကြောင်းနှင့် အဆောင်သို့ ပြင်ပဧည့်သည်များလာရောက်ပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ Main Gate တွင် တာဝန်ကျဝန်ထမ်းများသည် (Gold Camp)အတွင်း ဝင်/ထွက်သူများကို သေချာစွာစစ်ဆေးမေးမြန်းပြီး စနစ်တကျ မှတ်တမ်းရေးသွင်းထားရှိရန်လိုကြောင်း၊ Cluster များတွင် နေထိုင်သည့် ဝန်ထမ်းများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေးနှင့် ပြဿနာတစ်စုံ တစ်ရာပေါ်ပေါက်လာပါက သက်ဆိုင်ရာညွှန်ကြားရေးမှူးများ(သို့မဟုတ်) အိမ်ရာကော်မတီသို့ သတင်းပေးပို့တင်ပြရမည်ဖြစ်ပြီး တာဝန်ရှိသူများမှ အကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ (Gold Camp)သို့ လာရောက်သည့် ပြင်ပမော်တော်ယာဉ်များကိုလည်း ဂိတ်တာဝန်ကျ ဝန်ထမ်းများမှ သေချာစွာ စစ်ဆေးမေးမြန်းပြီး ဧည့်မှတ်တမ်းတွင် စာရင်းရေးသွင်းထားရှိရန်လိုကြောင်း၊ တာဝန်ချိန်အတွင်း ထူးခြားဖြစ်စဉ်များပေါ်ပေါက်လာပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့တင်ပြရမည်ဖြစ်ကြောင်း၊ Cluster များတွင် နေထိုင်သည့် ဝန်ထမ်းများအနေဖြင့် (၂)ပတ်လျှင် (၁)ကြိမ် မိမိတို့အဆောင်ရှိ ရေ၊ မီး၊ မိလ္လာနှင့် သန့်ရှင်းရေးကိစ္စရပ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မီးဘေးလုံခြုံမှုရှိစေရန်အတွက် အဆောင်မှမထွက်ခင် မီးခလုတ်များနှင့် Breaker များအား သေချာစွာစစ်ဆေးပြီးမှ အပြင်သို့ ထွက်ခွာရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်  နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) အိမ်ရာ/အဆောင်များ ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌများက (Gold Camp) အတွင်းရှိ Cluster များတွင် နေထိုင်သည့် ဝန်ထမ်းများအနေဖြင့် အိမ်ရာကော်မတီမှ ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို သေချာစွာလိုက်နာဆောင်ရွက်ပြီး နေထိုင်သွားကြရန်လိုကြောင်း၊ ဂိတ်တာဝန်ကျဝန်ထမ်းများအနေဖြင့်လည်း ချမှတ်ထားသောစည်းမျဉ်း/စည်းကမ်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ပြီး (Gold Camp)အတွင်းသို့ ဝင်/ထွက်သူများကို စနစ်တကျ စစ်ဆေးမေးမြန်းရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း/ စည်းကမ်း၊ ဥပဒေနှင့် နည်းဥပဒေများကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ကျဝန်ထမ်းသည် ဂျူတီချိန်အတွင်း အရက်သေစာသောက်စားခြင်းများ မပြုလုပ်ကြရန်နှင့် တာဝန်ချိန်အတွင်း မိမိတို့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အဆောင်အတွင်း/အပြင် သန့်ရှင်းရေးကိစ္စရပ်များ၊ အမှိုက်စွန့်ပစ်မှု၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းမှု၊ လျှပ်စစ်မီးသုံးစွဲမှု၊ ရေသုံးစွဲမှုနှင့် အဆောင်ပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေး စသည့်ကိစ္စရပ်များကို  အသီးသီးတင်ပြခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကို ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။