အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ အောက်တိုဘာ(၁၅)။ 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ယနေ့နံနက် (၉:၃၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)သို့ ရောက်ရှိပြီး အုပ်ချုပ်မှုရုံးအစည်းအဝေးခန်းမ၌ အရာထမ်း/အမှုထမ်းများ၊ ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍လာမည့် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်မှုရှိရန်နှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦးအထက်အောက် အပြန်အလှန်လေးလေးစားစား ပြောဆိုဆက်ဆံ၍ ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မခံရအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများအတိုင်း သွားလာနေထိုင်၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ပျော်ပျော်ရွှင်ရွှင်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်မရွေးတင်ပြနိုင်ပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ရှိ အားကစားကွင်း/အားကစားရုံ၊ စာသင်ကျောင်းရှိစာသင်စောင်၊ သင်တန်းသား/သင်တန်းသူများ အိပ်ဆောင်များ၊ လူပျိုဆောင်နှင့် အပျိုဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ယူဆောင်ရွက်နေသည့် အဆောက်အအုံများ သတ်မှတ်စံချိန်/စံညွှန်းများနှင့်အညီ အချိန်မီဆောင်ရွက်နိုင်ရေးနှင့် အဆိုပါ အဆောက်အအုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေရှည်တည်တံ့စေရေးအတွက် စနစ်တကျ ထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဓညဝတီအားကစားကွင်းနှင့် လူငယ်ပြေးခုန်ပစ် လေ့ကျင့်ရေးစခန်းများကိုလည်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။