အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၄)လပတ်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဩဂုတ်(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၄)လပတ်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်(၁၂:၃၀)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ ဌာနခွဲ ညွှန်ကြားရေးမှူး များ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ကြီးဌာန၏ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ယခုအစည်းအဝေးတွင် အကြံပြုဆွေးနွေးပေးစေ လိုကြောင်း၊ လုပ်ငန်းသုံးသပ်ညှိနှိုင်းအစည်းအဝေးများတွင် မိမိတို့တင်ပြလိုသည့် အချက်အလက်များကို စနစ်တကျပြုစုပြီး ကျစ်လျစ်စွာရှင်းလင်းတင်ပြစေလိုကြောင်း နှင့် Power Point တွင်ထည့်သွင်း ဖော်ပြရမည့် အချက်အလက်များကို ကြိုတင်လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ယခင်က ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အားကစားအသိပညာပေးဟောပြောပွဲများကိုဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီး တာဝန်ခံများအနေဖြင့် ပူးတွဲလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတွင် စာရင်းစစ်ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရန် ဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးနှင့်သက်ဆိုင်သော သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ရာ အဆိုပါ သင်တန်းသို့ တက်ရောက်ထားပြီးသော သက်ဆိုင်ရာဝန်ထမ်းများအား ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တာဝန်ခံညွှန်ကြားရေးမှူးများမှ စနစ်တကျ တာဝန်ပေးရန်လိုအပ်ကြောင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် တိုးချဲ့တည်ဆောက်လျက်ရှိသော အားကစားကွင်း/အားကစားရုံ များ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းထားရှိရန် လိုအပ်သောဝန်ထမ်းများ ဖြည့်စွက် ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနခွဲညွှန်ကြားရေးမှူးများမှ ၂၀၂၂ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအထိ (၄)လတာကာလအတွင်း ဌာနခွဲအလိုက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများမှ စီမံ/ဘဏ္ဍာ ဆိုင်ရာတင်ပြချက်များ၊ အားကစားနည်းအလိုက်နည်းပြနှင့် သင်တန်းသား/သင်တန်းသူအင်အားစာရင်းများ၊ အားကစားလေ့ကျင့်ရေးဆိုင်ရာတင်ပြချက်များ၊ ပညာရေးဆိုင်ရာတင်ပြချက်များ၊ အောင်ချက်မြင့်မားရေးဆောင်ရွက်ချက်များ၊ ကျန်းမာရေးဆိုင်ရာဆောင်ရွက်မှုအခြေအနေများ၊ B.Sc(Sports) ဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေတင်ပြချက်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးတာဝန်ခံညွှန်ကြားရေးမှူးများမှ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ဘတ်ဂျက်သုံးစွဲမှုအခြေအနေများ၊ အားကစားကွင်း/အားကစားရုံ/ကန်/မြေဂရမ်ရရှိမှု ကိစ္စရပ်များ၊ ပြည်ထောင်စု/ပြည်နယ်နှင့်တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ဒေသတွင်းအားကစားပြိုင်ပွဲကျင်းပခဲ့မှုအခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိမှု အခြေအနေများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လူထုအားကစား လှုပ်ရှားဆောင်ရွက်မှုများ၊ Outdoor Fitness တပ်ဆင်ထားရှိမှုအခြေအနေများနှင့် အားကစားသင်တန်း များဖွင့်လှစ်ထားရှိမှုကိစ္စရပ်များကို အသီးသီး ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။