အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

နေပြည်တော်၊ ဧပြီ(၂၀)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် (၁)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်ဆန်းဦး၊ သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ဒေသအလိုက် လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး အိုလံပစ်အားကစားနည်းများဖြစ်သော ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့၊ စက်ဘီးအားကစားနည်းများနှင့် ဒေသအလိုက်ဖြစ်နိုင်ချေရှိသော အားကစားနည်းများအား ဖွင့်လှစ်ရန်လျာထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားက စား ပြိုင်ပွဲများကျင်းပနိုင်ရေး၊ အားကစားနည်းပြ/ ဒိုင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြပေးကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှု လုပ်ငန်းစီမံချက်များအား (Power Point) ဖြင့် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များမှ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် သုံးသပ်ဆွေးနွေးပြောကြားရာတွင် တာဝန်ရှိ သူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် စီမံချက် (Plan) ရေးဆွဲရာ၌ တိကျသေချာသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ထည့်သွင်းရေးဆွဲသွားရန်နှင့် မိမိဒေသနှင့်ကိုက်ညီသည့် အားကစားနည်းများအား ဒေသတွင်ရှိသော လက်ရှိနည်းပြများနှင့် စခန်းသွင်းလေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် ဦးစား ပေး၍ စနစ်တကျ စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လူရွေးချယ်ရာတွင် မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ပြီး အုပ်ချုပ်ထောက်ပံ့မှုပိုင်းတွင် ပြည့်ပြည့်ဝဝ ထောက်ပံ့ပေးနိုင်ပါက အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းသစ်များ ခန့်အပ်ရန်အတွက်တင်ပြရာတွင် ဒေသခံများအား ဦးစားပေးပြီး ပညာအရည်အချင်းပါ ထည့်သွင်းစဉ်းစား၍ စိစစ်ပြီးမှ တင်ပြသွားရန်လိုကြောင်း သုံးသပ် ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးတင်ပြရန်အတွက် (Guide Line) ချထားပေးသည့်အတိုင်း ဆွေးနွေးတင်ပြကြရန်လိုကြောင်း၊ ဝန်ထမ်းခန့်အပ်မှု ကိစ္စများအား ထည့်သွင်းစဉ်းစား၍ ခန့်အပ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘတ်ဂျက်ရေးဆွဲရာတွင် ထည့်သွင်းတွက်ချက်ရေးဆွဲထားသည့်အတိုင်း စနစ်တကျ ကိုင်တွယ်အသုံးပြုပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လိုအပ်သည့် အားကစားအထောက်အကူပြု ပစ္စည်းများကိုလည်း ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြေး ခုန်ပစ် အားကစားနည်းအား မဖြစ်မနေ လူရွေးချယ်၍ လေ့ကျင့်ပေးနိုင်ရေးအတွက် တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် သေချာကြီးကြပ် ဆောင်ရွက် သွားဖို့လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြက္ခဒိန် ဖြန့်ဝေပေးထားပြီးဖြစ်သည့်အတွက် မိမိဒေသအလိုက် အားသာသည့် အားကစားနည်းများကို (Prime A,B,C) ဖြင့် အမျိုးအစားခွဲ၍ စနစ်တကျ လေ့ကျင့်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်သွားဖို့လိုကြောင်း သုံးသပ်ဆွေးနွေး ပြောကြားခဲ့ပါသည်။