အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်၊ ဧပြီ (၆)ရက်။

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ သင်တန်းသားရွေးချယ်ခြင်း၊ နည်းပြရွေးချယ်ခြင်း၊ ကျောင်းဖွင့်ချိန်အမှီ လိုအပ်သည်များ ပြင်ဆင်ထားရှိရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:၃၀)နာရီ အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁)အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် များ ဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ လွိုင်ကော်၊ မုံရွာ၊ စစ်တွေ)ကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် သိပ္ပံ ကျောင်းများအနေဖြင့် ယခုပညာ သင် နှစ်ပြီးဆုံးတော့မည်ဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူ များအား တစ်နှစ်တာ လေ့ ကျင့်ခဲ့မှု အခြေအနေ၊ အားသာ ချက်/အားနည်းချက်များအား သုံးသပ်ခြင်း၊ အင်အားလျော့မည့် သင်တန်းသားများအား ဆန်းစစ်ခြင်း၊ နောက်လာမည့် ပညာသင်နှစ်အတွက် ကြိုတင်ပြင်ဆင်ရမည့်ကိစ္စ၊ ပစ္စည်းဝယ်ယူရေးကိစ္စ၊ သင်တန်းသားသစ်များ ထပ်မံရွေးချယ်ရမည့်ကိစ္စ များကို တင်ပြဆွေးနွေးရန်လိုကြောင်း၊ သင်တန်းသားသစ်များ ရွေးချယ်ရာတွင် အရေအတွက်ထက် အရည်အချင်းရှိမှုကိုသာ ဦးစားပေးရွေးချယ်သွားရန်လိုကြောင်း၊ (၇)တန်းအောင်၊ (၈)တန်း ကျောင်းသား/ ကျောင်းသူများကို အဓိကထားရွေးချယ်သွားရန်နှင့် မူလရွေးချယ်ရာတွင် သတ်မှတ်ထားသည့် ကြံ့ခိုင်မှု ဆန်းစစ်ခြင်း၊ စိတ်ပညာ (Psycho Test)စစ်ဆေးခြင်းများအပြင် အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာရပ် ဆန်းစစ်ခြင်းများ ထည့်သွင်းစစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးတွင် အား နည်းသူများ ရှိခဲ့ပါက Talent နှင့် စိတ်ပါဝင်စားမှု၊ ကြိုးစားချင်စိတ်များရှိပါက လျော့ပေါ့၍ ဆန်းစစ်ရွေးချယ် ပေးသွားရန်နှင့် (၈)တန်းအောင်သူများထဲမှ အလားအလာရှိပါက ရွေးချယ်သွားရန်နှင့် နယ်ကျော် တိုင်းကျော်မှ သင်တန်းသားများအားရွေးချယ်ခြင်း မပြုလုပ်ကြရန် ကြိုတင်မှာကြားလိုကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် နောက်လာမည့် ပညာသင်နှစ်အတွက် အားကစားနည်းသတ်မှတ်ခြင်း၊ သင်တန်းသား အရေအတွက်သတ်မှတ်ခြင်း၊ အားကစားနည်းနှင့် မကိုက်ညီသည့် နည်းပြအင်အားစာရင်း (နည်းပြလိုအပ်ချက်စာရင်း)များအား ဘက်လိုက်မှုမရှိဘဲ အားကစားလောကအတွက်သာကြည့်ပြီး မှန်မှန်ကန်ကန်စိစစ်ဆွေးနွေးတင်ပြပေးရန်လိုအပ်ကြောင်း၊ ကျောင်းမဖွင့်ခင် ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များ၊ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြပေးသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများမှ လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ် သုံးသပ် ဆွေး နွေးပြောကြားရာတွင် Brain Storming အစီအစဉ်အရ သင်တန်းသားအင်အားလျာထား သတ်မှတ်မှုအခြေအနေ၊ ယခင်ဆုံးဖြတ်ထားသည့် လျာထားအားကစားနည်းနှင့် လက်ရှိလေ့ကျင့် သင်ကြားပေးရန် အဆိုပြုသည့် အားကစားနည်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ကျွမ်းဘား အားကစားနည်းအား ကျောင်းအားလုံးတွင် အခြေခံလေ့ကျင့်မှုကို (၃)လကြာဆောင်ရွက်သွားရန် ထည့်သွင်းလျာထားလိုကြောင်း၊ နည်းပြများအား ၎င်းတို့၏ အားကစားနည်းနှင့် ကိုက်ညီသည့် နေရာများတွင် သင့်တော်ပြီးအရည်အချင်းရှိသောသူများကို တာဝန် ပေးအပ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ယခုသင်တန်းသားရွေးချယ်မှု စံ သတ်မှတ်ချက်အတိုင်း အသက်(၁၅)နှစ် ထက်မကြီးသူ၊ (၇)တန်းအောင် (၈)တန်းတက်ရောက်မည့်သူဖြစ်ပြီး အရပ်ကန့်သက်ချက်အနေဖြင့် အနည်းဆုံး အမျိုးသား(၅ပေ ၄ လက်မ)အမျိုးသမီး (၅ပေ ၂ လက်မ)ရှိသူ များသာ ရွေးချယ်သွား ရန်လိုကြောင်း၊ သင်တန်းသားရွေးချယ်ရာတွင် သတ်မှတ်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအတိုင်း ရွေးချယ်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များမရှိခင် အနားယူခြင်းသည် နောက်အလုပ်တစ်ခု စတင်ရန်အတွက် ကြိုတင်ပြင်ဆင်ဖို့အချိန်ပေးခြင်းသာဖြစ်ကြောင်း၊ သုံးသပ်ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် သက်ဆိုင်ရာ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများမှ အထွေထွေဆွေးနွေးတင်ပြပြောကြားရာတွင် ကျွမ်းဘားအားကစားနည်းအား ရန်ကုန်နှင့်မန္တလေးကျောင်းများတွင် Specialist အားကစားနည်းအဖြစ် ထည့်သွင်းလေ့ကျင့်ပေးနိုင်ပါက ပိုမိုကောင်းမွန်ပါကြောင်း၊ မြားပစ်အားကစားနည်းအား ရန်ကုန်နှင့်မန္တလေးကျာင်းများတွင် ယခင် အတိုင်းထည့်သွင်းလေ့ကျင့်သွားပါက မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာနိုင်မည် ဖြစ်ပြီး နိုင်ငံတော်အတွက် ပိုမိုအကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားရွေးချယ်မည့် အချိုး ၊ နည်းပြအချိုးနှင့် ပညာရေးဆရာ/ဆရာမ အချိုးများကို နှိုင်းယှဉ်ပြီး စနစ်တကျ ရွေးချယ်ဆောင်ရွက် သွားဖို့လိုကြောင်း၊ ပညာတတ်ပြီး အရည်အချင်းရှိသော နည်းပြများ မွေးထုတ်ပြီး သင်ကြား လေ့ကျင့်ပေးမှသာ ပညာတတ်ပြီး/ပညာတော်သည့် တပည့်များစွာ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ နည်းပြများ သင့်တော်မည့်နေရာများတွင် ပြောင်းရွှေ့တာဝန်ပေးအပ်မည့်ကိစ္စများကို အကြီးအကဲ များထံ တင်ပြပြီး ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးပြောကြား ခဲ့ပါသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျောင်းအုပ်ကြီးများအနေဖြင့် အားကစားရော ပညာရေးပါ ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက် သွားရမည်ဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အရည် အချင်းအတိုင်း ရွေးချယ်ရန်လိုကြောင်း၊ ထူးခြား ရွေးချယ်လိုပါက ရွေးချယ်မည့် သင်တန်းသား၏ အားသာချက်/အားနည်း ချက်များ၊ အားကစားနည်း အပေါ် စိတ်ဝင်စားမှု၊ စိတ်ပြင်းပြမှုများအား အသေးစိတ်ကြည့်ပြီး စိစစ်ရွေးချယ်ရန်လိုကြောင်း၊ သင်တန်းသားများအား ဗဟုသုတအသိပညာများ တိုးပွားအောင် အားကစားနည်းအလိုက် အောင်မြင်မှု များအား စိတ်ပါဝင် စားသိရှိနားလည်အောင် ရှင်းလင်းပြောကြားသင်ကြားပေးဖို့လိုကြောင်း၊ ကျွမ်းဘား အားကစားနည်းအား ကျောင်းအားလုံးတွင် (၃)လသင်ကြားပေးမည့်အစီအစဉ်မှာ ကောင်းမွန်ကြောင်း သိပ္ပံကျောင်းများတွင် ဆက်လက်လေ့ကျင့်ပေးရန်အဆိုပြုထားသည့် အားကစားနည်းများ၊ သင်တန်းသား အရေအတွက်များ၊ နည်းပြအရေအတွက်အချိုးများ၊ ဆွေးနွေးတင်ပြခဲ့မှုများနှင့် ပတ်သက်ပြီး ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပြီးနောက် သိပ္ပံကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းအောင်မြင်တိုးတက် ဖို့ ရာနှုန်းပြည့်တာဝန်ရှိကြောင်း၊ (ကျောင်းအတွင်းလှုပ်ရှားပြင်ဆင်ဆောင်ရွက်မှု၊ အုပ်ချုပ်မှု၊ ပညာသင်ကြားမှု၊ လေ့ကျင့်မှု၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ကိစ္စအဝဝတွင် တာဝန်ရှိကြောင်း) အောက်ခြေထိရောက်အောင် သွား၍ မြင်အောင်ကြည့်ပြီးအရာရာသိရှိအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ အားကစား အထောက်အကူပြု ပစ္စည်းများအခြေအနေ၊ GYM လေ့ကျင့်သည့် ပစ္စည်းများအခြေအနေနှင့် GYM နည်းပြတာဝန်ပေးအပ်ရာတွင် GYM နည်းပြ(Certificate)လက်မှတ်ရှိသူ အမှန်တစ်ကယ် ကျွမ်းကျင်၍ အရည်အချင်းရှိပြီး သင်ကြားလေ့ကျင့် ပေးနိုင်သူသာ ကျောင်းများတွင် တာဝန် ပေးအပ် ရန်လိုကြောင်း၊ အရည်အချင်းရှိသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်အောင် လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန်အတွက် ထိုက်သင့်သည့် အာဟာရနှင့် ညီညွတ်မျှတအောင် ပြင်ဆင် ချက်ပြုတ် ကျွေးမွေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသအာဏာပိုင်များနှင့် လိုက်လျောညီထွေမှုရှိပြီး အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံ နေထိုင်တတ်ဖို့လိုအပ်ကြောင်း၊ ကျောင်းတစ်ကျောင်း၏ အောင်မြင်မှုသည် ကျောင်းအုပ်ကြီး၏ လက်ထဲတွင်သာရှိကြောင်း ကျောင်းအုပ်ကြီး၏ ဦးဆောင်မှု၊ စိတ်ကူးစိတ်သန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လိုကြောင်း မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။