အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တာဝန်ခံ/နည်းပြများနှင့် တွေ့ဆုံ

နေပြည်တော်၊ မတ် (၁၇) ။

နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) ရှိ တာဝန်ခံ/နည်းပြများ နှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားနည်း အလိုက် တာဝန်ခံ/နည်းပြများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနည်းအလိုက် တာဝန်ခံ/နည်းပြများအနေဖြင့် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ညီညီ ညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊  Training Programme များကို အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး စနစ်တကျရေးဆွဲ၍ အားကစားသမားများအား လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ လူငယ်အားကစားသမားများ အတုယူအားကျလေးစားရသော နည်းပြဆရာကောင်းများဖြစ်အောင် ပြောဆိုနေထိုင်ပြုမူ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊Training ပြုလုပ်ချိန်များတွင် အားကစားဝတ်စုံပြည့် ဝတ်ဆင်၍ လေ့ကျင့်ကြရန်နှင့် မိမိတို့၏ အရည်အချင်းများ တိုးတက်အောင် ခေတ်နှင့်လျော်ညီသော နည်းစနစ် ပိုင်းများ၊ စည်းမျဉ်းစည်းကမ်းများအား အမြဲတမ်း လေ့လာသင်ယူကြရန်လိုအပ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး မိသားစုစိတ်ဓာတ်ဖြင့် အပြန်အလှန်လေးလေးစားစား ပြောဆိုဆက်ဆံ၍ ကူညီရိုင်းပင်း ဖေးမ ပေးရန်လိုအပ်ကြောင်း၊ အားကစားသမားများ အတုယူစံနမူထား၍ လေးစားယုံကြည်ရသော နည်းပြများဖြစ်အောင် ပြုမူပြောဆိုနေထိုင်ကြရန်လိုကြောင်း၊  နေထိုင်စားသောက်မှု ဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာကိစ္စရပ်များတွင် အခက်အခဲများရှိပါက တာဝန်ရှိသူများထံ တင်ပြ၍ ပေါင်းစပ်ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်သွားလာလှုပ်ရှားလေ့ကျင့်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ လူငယ် အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြည့်စွက် ဆွေးနွေး ပြောကြားရာတွင် နည်းပြများအနေဖြင့် မိမိတို့အား ပေးအပ်ထားသော တာဝန်ဝတ္တရားများ ကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် အားကစားသမားများအား လေ့ကျင့်သင်ကြားပေးမည့် Training Programme များကို စနစ်တကျ သေချာစွာလေ့လာသုံးသပ်ပြီးမှ ရေးဆွဲကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက်  အားကစားနည်းအလိုက် တာဝန်ခံ/နည်းပြများမှ အားကစားသမားများ၏ နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် အထက်အကြီးအကဲများထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တာဝန်ခံ/နည်းပြများအနေဖြင့် မိမိတို့သင်ကြားလေ့ကျင့်ပေးရသည့် အားကစားသမားများသည် လူငယ်အားကစားသမားများဖြစ်သည့်အတွက် လေ့ကျင့်မှု (Training) များ ပြုလုပ်ရာတွင် ထိခိုက် ဒဏ်ရာ Injury မရရှိစေရန် အထူးဂရုစိုက်လေ့ကျင့်သင်ကြားပေးရန်နှင့် ကျန်းမာရေးသည် အရေးကြီး သည့်အတွက် အားကစားသမားများ၏ နေထိုင်သွားလာလှုပ်ရှားမှုများကို အထူးဂရုစိုက်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ အားကစားသမားများ‌ လေးစားအတုယူအားကျရသော စံပြနည်းပြ ဆရာကောင်းများဖြစ်အောင် ဝတ်စားဆင်ယင်နေထိုင်ကြရန် အားကစားနည်းအလိုက် တာဝန်ခံ/ နည်းပြဆရာများအား လမ်းညွှန်မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။