အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားစီမံကိန်းနှင့် သုတေသနဖွံ့ဖြိုးရေးကော်မတီ (၁/၂၀၂၃) ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၃)။

ပြည်တွင်းပြည်ပအားကစားပြိုင်ပွဲမျာအား စောင့်ကြည့်လေ့လာအကဲဖြတ်ဆောင်ရွက်ရေး၊ အားကစားဆိုင်ရာသုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် အားကစားစီမံကိန်းနှင့်သုတေသန လုပ်ငန်းကော်မတီအနေဖြင့် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်စေရေး၊ မြန်မာ့အားကစားလောကဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြန်လည်ဦးမော့လာစေရေးအတွက် ထိရောက်အကျိုးများစေမည့် အချက်အလက်များရရှိရေးနှင့်ပတ်သက်၍ အားကစားစီမံကိန်းနှင့်သုတေသနဖွံ့ဖြိုးရေးကော်မတီ (၁/၂၀၂၃) ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်နှင့် ယခုထက်ပိုပြီး အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ အားကစားစီမံကိန်းနှင့် သုတေသနဖွံ့ဖြိုးရေးကော်မတီကို အဖွဲ့ဝင်(၁၄)ဦးဖြင့် ၂၀၂၃ခုနှစ်၊ မေလ(၁၉)ရက်နေ့တွင် ဖွဲ့စည်း ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနက ပေးအပ်ထားသည့် ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် လုပ်ငန်းပြီးစီးမှုအခြေအနေများကို နောက်ပိုင်းတွင် အစည်းအဝေးများကျင်းပပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများကို ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် အားကစားသုတေသနကျင့်ဝတ်ကော်မတီနှင့် အဖွဲ့အစည်းဆိုင်ရာ သုံးသပ်ရေးဘုတ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို အဆင့်ဆင့်တင်ပြပြီး ဖွဲ့စည်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျင့်ဝတ်ကော်မတီ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲ တိုင်း၌ စောင့်ကြည့်လေ့လာအကဲဖြတ်ပြီး သုံးသပ်သည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဒိုင်/ နည်းပြနှင့် အားကစားသမားများ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ဝန်ထမ်းများ၏ အရည်အသွေးများ ယခုထက် ပိုမိုတိုးတက်နိုင်ရန်အတွက် စောင့်ကြည့်လေ့လာအကဲဖြတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် အရည်အသွေးမြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသုတေသနလုပ်ငန်းများအား ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများ၊ အားကစားနှင့်သက်ဆိုင်သည့် နယ်ပယ်များအသီးသီး၌ ဖြစ်ပေါ်နေသည့်အကြောင်းအရာကိစ္စများ၏ အားနည်းချက်/ အားသာချက်များကိုလည်း စောင့်ကြည့်လေ့လာအကဲဖြတ် ဆောင်ရွက် ခဲ့ကြောင်း၊ လိုအပ်ချက်များကို အထက်အကြီးအကဲများထံ ဆက်လက်တင်ပြပြီး ညွှန်ကြားချက်များအား သိရှိစေရန် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံများသို့ သွားရောက်ပြီး သင်တန်းသားများ၏ လေ့ကျင့်နေမှုအခြေအနေများ၊ နည်းပြများ၏ သင်ကြားမှုအခြေအနေများ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ စီမံကွပ်ကဲမှုများအား သွားရောက်စစ်တမ်း ကောက်ယူခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာများ၊ အားကစားစီမံကိန်းနှင့်သုတေသနဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းရခြင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တာဝန်ရှိသူများက ဘတ်ဂျက်လျာထားနိုင်မှုအခြေအနေများ၊ အားကစားအထောက်အကူပြုပစ္စည်းများ အရည်အသွေးကောင်းမွန်ပြီး လုံလောက်စွာ ထုတ်ပေးနိုင်မှု အခြေအနေများ အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ ဆက်လက် တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားစီမံကိန်းနှင့်သုတေသန ဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက In-Person ဖြင့် တက်ရောက်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။