အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ (ASEAN Physical Fitness Indicators-APFI Data) ကောက်ယူခြင်း အစည်းအဝေးကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတက်ရောက်

နေပြည်တော်၊ ဧပြီ(၂၂)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ဦးဆောင်၍ အာဆီယံ ကိုယ်ကာယကြံ့ခိုင်မှုညွှန်းကိန်းများ (ASEAN Physical Fitness Indicators-APFI Data) ကောက်ယူခြင်း အစည်းအဝေးကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ သက်ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်မည့် တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၏ Vision (မျှော်မှန်းချက်) ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး လုပ်ငန်းများအားဆောင်ရွက် လျက်ရှိပြီး Mass Sport နှင့် Excellent Sport လုပ်ငန်းကဏ္ဍများအား အဓိကဦးစားပေးလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၇ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ 1st , 2nd , 3rd , Special Meeting on ASEAN Physical Fitness Indicator (APFI) အစည်းအဝေးများကို ဘန်ကောက်မြို့၌ ကျင်းပခဲ့ရာ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း၊ အာဆီယံဒေသနိုင်ငံများရှိ လူဦးရေ၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ လုပ်ဆောင် ချက်များနှင့် လက္ခဏာများဆိုင်ရာ သတင်း အချက်အလက်များကိုစုဆောင်းရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ လက်ခံကျင်းပခဲ့သည့် 8th Senior Officials Meeting on Sports (SOM-8)အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၏ သဘောတူညီမှုရရှိခဲ့ပြီး 3rd Special Meeting on ASEAN Physical Fitness Indicators (APFI)အစည်းအဝေးတွင် အတည်ပြုခဲ့သည့်အတိုင်း နမူနာပုံစံတွက်ချက်နည်းများ၊ Data စုဆောင်းမှုရလဒ်များ ကောက်ယူရန်အတွက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ သတ်မှတ် ထား၍ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် Dataset များ ပေးပို့သွားရမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုညွှန်းကိန်းများ အတည်ပြုသတ်မှတ် နိုင်ရေး သုတေသန စစ်တမ်းကောက်ယူခြင်းကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၅)ခုတို့ရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင် အင်အား (၄၈၀)ဦးနှုန်းဖြင့် အသက်အုပ်စု (၄)မျိုးခွဲခြား၍ သတ်မှတ်လူဦးရေ (၇၆၈၀)ဦးအား သတ်မှတ်ကာလဖြစ်သည့် (၂၀၂၂ ခုနှစ်၊ မေလ)အတွင်း ASEAN Physical Fitness Indicator (APFI) Templates များအသုံးပြု၍ ကိုယ်ခန္ဓာကြံ့ခိုင်မှုညွှန်းကိန်း (၅)မျိုးအားဆန်းစစ်လေ့လာ ဆောင် ရွက်သွားမည်ဖြစ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ စစ်တမ်း ကောက်ယူသည့်အဖွဲ့များ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် လိုအပ်သည်များ ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ စစ်တမ်းမေးခွန်းလွှာများ မှန်မှန်ကန်ကန် ရရှိနိုင်စေရေးအတွက် စစ်တမ်းကောက်ယူမည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး စနစ်တကျအဖွဲ့များခွဲ၍ လိုအပ်သည် များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်အတွက်လည်းကောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုညွှန်းကိန်းများ ကောက်ယူမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ စစ်တမ်း ကောက်ယူမည့်အဖွဲ့များအား Video Conferencing ဖြင့် ထပ်မံ၍ သင်တန်းပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုသုတေသနစစ်တမ်း ကောက်ယူခြင်းမှ Mass Sport လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဆက်လက်ပံ့ပိုး ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ၍ ပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုံခြုံရေးအထူးဂရုစိုက်၍ လုပ်ငန်းများ အောင်မြင်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို  ရုပ်သိမ်းခဲ့ပါသည်။