အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံလူငယ်စကားဝိုင်း (ASEAN Youth Debate 2022)အတွက် အကြိုရှင်းလင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ မေ(၁၇)။

၂၀၂၂ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိကမ္ဘောဒီးယားနိုင်ငံ၊ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ “စိန်ခေါ်မှုများကိုအတူရင်ဆိုင်ဖြေရှင်းကြစို့” ခေါင်းစဉ် ဖြင့် ကျင်းပပြုလုပ်မည့်ပထမအကြိမ်၊အာဆီယံလူငယ်စကားဝိုင်း (ASEAN Youth Debate 2022)အတွက် အကြို ရှင်းလင်းခြင်းအခမ်းအနားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် (၁၇.၅.၂၀၂၂) ရက်နေ့၊အင်္ဂါနေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာ ဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်စကားဝိုင်းတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနအသီးသီးမှ လူငယ် ကိုယ်စားလှယ်များ အနေနှင့် အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ တွင် ပါဝင်ယှဉ်ပြိုင်ခြင်းအားဖြင့် မိမိတို့၏ အတွေ့ အကြုံ သဘောထားအမြင်များကို ဖလှယ်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း၊ မြန်မာလူငယ်ကိုယ်စားလှယ်များအနေဖြင့် ပြိုင်ပွဲတွင်သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ မိမိတို့၏အဆိုပြုချက်၊ ချေပချက်များကို အချက်အလက်အကိုးအကားဖြင့် ခိုင်ခိုင်မာမာ တင်ပြသွားနိုင်ရေးကြိုတင် ပြင်ဆင်လေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံ့ဂုဏ် မြှင့်တင်နိုင်ရေးအထူးကြိုးစားဆောင်ရွက်ကြရန်” လမ်းညွှန်မှာကြားထားသည့်အတွက် လူငယ် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရှိစည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အာဆီယံလူငယ်စကားဝိုင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးသွားကြရန် ပြောကြား ပါသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှဘာသာရပ်ဆိုင်ရာ တာဝန်ခံများက အာဆီယံ လူငယ်စကားဝိုင်းတွင် ကိုးကားပြောဆိုနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် အာဆီယံ လူငယ်ရေးရာ လုပ်ငန်းစဉ်များနှင့်အာဆီယံလူငယ်စကားဝိုင်း ၂၀၂၂ ပြိုင်ပွဲနှင့်ပတ်သက်၍ လူငယ်ကိုယ်စားလှယ်များအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့်စကားဝိုင်း၏ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာကြသည့်ဝန်ကြီးဌာနအသီးသီးမှ လူငယ်ကိုယ်စားလှယ် များက သိရှိလိုသည်များကို အသေးစိတ်ဆွေးနွေးမေးမြန်းကြပြီး အခမ်းအနားအား မွန်းလွဲ (၁၂:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သော အာဆီယံလူငယ်စကားဝိုင်းအကြို ရှင်းလင်းခြင်း အခမ်းအနားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနများမှ လူငယ်ကိုယ်စားလှယ် (၁၉)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။