အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022)၏ ဒုတိယပတ်လည်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လူငယ်ကိုယ်စားလှယ်(၆)ဦး ဝင်ရောက်ယှဉ်ပြိုင်

နေပြည်တော်၊ ဩဂုတ် (၂၁)ရက်။

အာဆီယံဒေသတွင်း လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိစေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံ ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူး၍ စိန်ခေါ်မှုများကို အတူရင်ဆိုင်ဖြေရှင်းကြစို့ (Addressing Challenges Together : ACT) ဆောင်ပုဒ် ဖြင့် ပထမအကြိမ်ကျင်းပပြုလုပ်သည့် အာဆီယံလူငယ်စကားရည်လုပွဲ ၂၀၂၂ (ASEAN Youth Debate 2022) ၏ ဒုတိယပတ်လည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်လူငယ်ကိုယ်စားလှယ် (၆)ဦးသည် Virtual Online စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့် နှင့် တာဝန်ရှိသူများမှ လာရောက်ကြည်ရှုအားပေးခဲ့ပါသည်။

ယနေ့ ဒုတိယပတ်လည် (Second Elimination Round)ပွဲစဉ်တွင် စင်္ကာပူနိုင်ငံအသင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအသင်းမှ “ အာဆီယံဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပိုမိုဖန်တီးကြရမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအသင်းနှင့် အင်ဒိုနီးရှားနိုင်ငံအသင်းတို့မှ “ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် လူသားများအားလုံးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်သည်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ မြန်မာအဖွဲ့(၂)အဖြစ် လူငယ်ကိုယ်စားလှယ် (၆)ဦးတို့သည် အဆိုပြုသည့်ဘက်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ပထမပတ်လည်ပြိုင်ပွဲ ပွဲစဉ်နှင့် ဩဂုတ်လ (၂၁)ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် ဒုတိယပတ်လည်ပြိုင်ပွဲ ပွဲစဉ်တို့တွင် အနိုင်ရရှိခဲ့သည့် အသင်း(၈)သင်းတို့၏ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို စက်တင်ဘာလ(၄)ရက်နေ့နှင့် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို စက်တင်ဘာလ(၁၈)ရက်နေ့တို့တွင် Virtual Online စနစ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲ ပွဲစဉ်ကို အောက်တိုဘာလ (၁၂)ရက်နေ့နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာလ (၁၃)ရက်နေ့များတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။