အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၃)။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေ ရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှအခွင့်အရေးရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထားဂရုပြုတတ်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အဖြစ် မသန်စွမ်းအားကစားပြိုင်ပွဲ ကို နေပြည်တော်ကောင်စီနယ်မြေ၊ လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ ယနေ့နံနက် (၈) နာရီတွင် လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူ များ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်ရည်ရွယ်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ရေးဆွဲ၍ အခန်းကဏ္ဍများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းအားကစားသမားများအတွက် ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် ပြည်ပအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ ဆုရရှိသူများကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းအားကစားသမားများကို အားကစားကဏ္ဍတွင်သာမက အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးကိုပါ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော မသန်စွမ်း အားကစားသမားများအနေဖြင့် မိမိတို့ ဘဝရပ်တည်ရေး အတွက် ရှေ့ဆက်ဆောင်ရွက်ကြရမည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း၊ စီးပွားရေး၊ လူမှုရေးစသည့်ကိစ္စများတွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဖေးမကူညီကြရန်နှင့် မသန်စွမ်းအဖွဲ့အစည်းများ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားကြ ရန် လိုကြောင်းနှင့် ယနေ့မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် မသန်စွမ်းသူများ အနေဖြင့် မိမိတို့တတ်စွမ်းသည့် အားကစားနည်းများအလိုက် ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်၊ နိုင်ငံအဆင့်မှသည် နိုင်ငံတကာအဆင့်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆက်လက်အားထုတ် ကြိုးပမ်းသွားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် (နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုးမှ ပြိုင်ပွဲဝင်အားကစားသမားများကို နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် မသန်စွမ်းအားကစား သမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ Wheel Chair မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းမှလည်းကောင်း၊ မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် (နေပြည်တော်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုးမှလည်းကောင်း၊ မီတာ ၁၀၀ (ကျား/မ)အပြေးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသူများကို လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် (နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မသန်စွမ်းအားကစားသမားများ တက်ရောက်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်မသန်စွမ်းအားကစားပြိုင်ပွဲ၌ ပြေးခုန်ပစ် အားကစားနည်းမှ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အမျိုးအစား(၂)မျိုး ကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မသန်စွမ်းအားကစားသမား (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။