အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ မတ်(၇)။

၂၀၂၂ ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများဦးဆောင်မှု ပိုမို မြင့်မားလာစေရန်ရည်ရွယ်၍ “ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ စကားဝိုင်းဆွေးနွေးပွဲ (International Women’s Day Talk Show)” အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ အမျိုးသမီး အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို  အတူတကွ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ယခုဆွေးနွေးပွဲမှ ရရှိလာသော တင်ပြချက် များကို Analysed လုပ်ပြီး မိမိတို့အနေဖြင့် ရှေ့ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များတွင် ထည့်သွင်း ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ယခုစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများအတွက်လည်း ဘက်ပေါင်းစုံမှ ၎င်းတို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့နိုင်ပါကြောင်း၊ မြန်မာနိုင်ငံမှ အမျိုးသမီးများ၊ မိန်းကလေး ငယ်များနှင့် မသန်စွမ်းအမျိုးသမီးများ အားကစားကဏ္ဍတွင် ပိုမိုပါဝင်လာမှုသည် လွန်စွာအရေးကြီး ပါကြောင်း၊ မြန်မာ့အားကစားလောကတွင်လည်း အမျိုးသမီးအားကစားသမားများအနေဖြင့် အမျိုးသား အားကစားသမားများနှင့်တန်းတူ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ် များရယူကာ နိုင်ငံ့ဂုဏ်ဆောင်နေကြသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များကို အားကစားကဏ္ဍတွင်မြှင့်တင်ပေးရန် ၎င်းတို့လက်ရှိ တာဝန် ထမ်းဆောင်လျက်ရှိသော နေရာဒေသအပေါ်အခြေခံပြီး ၎င်းတို့ ရင်ဆိုင်တွေ့ကြုံနေရသော အခက်အခဲ များ၊ စိန်ခေါ်မှုများနှင့် ဗဟုသုတများကို အတူတကွဝိုင်းဝန်းပူးပေါင်းဆွေးနွေးကြပြီး မိမိတို့နိုင်ငံ၏ နည်းလမ်းနှင့် ကိုက်ညီထိရောက်သော (Action Plan)များ ရေးဆွဲသွားနိုင်ရေးကို မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့ပြီး အမျိုးသမီးများကဏ္ဍနှင့်ပတ်သက်၍ အုပ်စုလိုက် အပြန်အလှန်မေးမြန်း ဆွေးနွေး ခြင်းများ ပြုလုပ်ခဲ့ကြရာ ဆွေးနွေးမှုများနှင့်ပတ်သက်၍ အဖွဲ့ကိုယ်စားလှယ်များမှ ခြုံငုံသုံးသပ် ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်း၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာသန်းသန်းဌေး၊ အားကစားနှင့်ကာယပညာ သိပ္ပံ(လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။