အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်လ(၂၇)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူထမ်းဆောင်နေကြသည့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တစ်ဦးချင်းစီ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်စာ ဘာသာပြန် အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ လုပ်ငန်းသုံးအင်္ဂလိပ်စာ(Departmental English)နှင့် ပတ်သက်သည့် ဝေါဟာရများကြွယ်ဝစေရန်၊ လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့်ကိစ္စရပ်များကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)နှင့် အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ်(၁/၂၀၂၃)တို့ကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ အင်္ဂလိပ်ဘာသာစကား အသုံးပြုဆက်သွယ်ရာတွင် အခက်အခဲမရှိစေရေး၊ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ခေတ်မီတိုးတက်လာသည့် နည်းပညာများအား ပိုမိုထိရောက်စွာ သင်ယူနိုင်စေရေးအတွက် အင်္ဂလိပ်စာဘာသာပြန်စွမ်းရည် တိုးတက်စေရန် အရေး၊ အဖတ်၊ အပြောများကို ပိုမိုလေ့လာလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး(AMMY)နှင့် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY)တို့ကို မြန်မာနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလက်ခံဆောင်ရွက်ရမည်ဖြစ်၍ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများမှလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် ပါဝင်ကူညီဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့၏ စွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်တန်းမှ ပို့ချပေးသည့်သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူသွားကြရန်မှာကြားလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရည်ရှိပြီး လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန် အမြဲလေ့လာဆည်းပူးကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်းစိတ်ဓာတ် အပြည့်အဝဖြင့် မိမိတို့ဌာနတိုးတက်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ်မမွေးဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပြီး နိုင်ငံတော်ကအားထားရသည့်ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ဇွန်လ(၂၇)ရက်နေ့မှ ဇူလိုင်လ(၂၄)ရက်နေ့အထိ လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနင်္လာနေ့မှသောကြာနေ့အထိ ရုံးချိန်အတွင်း သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာတွင် အားကစားသမားများအား နေ့လည်စာကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်နေမှုများနှင့် အသားငါးနှင့် ဟင်းသီးဟင်းရွက်များ သိမ်းဆည်းရာနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား အာဟာရညီညွတ်ပြည့်ဝမှုရှိသည့် အစားအသောက်များကို ကျွေးမွေးသွားရန်နှင့် စားရိပ်သာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဂရုတစိုက်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။