အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်းပွဲသို့ တက်ရောက်

နေပြည်တော်၊ မတ်လ(၃၁)ရက်။

ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျ နားလည်တတ်ကျွမ်းစွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရုံးစာများ ကွန်ပျူတာစာစီရာတွင် အသုံးဝင်သည့် အခြေခံ Microsoft Word, Excel, Power Point များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး ရုံးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်ခန်းစာများ၊ အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် ပြန်လည်အသုံးချရန်လိုကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် IT ခေတ်ဖြစ်သည့်အတွက် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်နှင့် မိမိတို့၏ အရည်အချင်းများ အစဉ်တိုးတက်နေအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ယူကြရမည် ဖြစ်ကြောင်း၊  လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် အနာဂတ်တွင် ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များစွာပေါ်ထွက်လာစေရန် ပျိုးထောင်ပေးနေကြသည့် အဓိက မောင်းနှင်အားများဖြစ်သည့်အတွက် လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်များကို သိရှိနားလည်အောင် အစဉ်အမြဲ လေ့လာမှတ်သားနေကြဖို့လိုကြောင်း၊ မိမိတို့ တာဝန်ကျရာဌာနများတွင် ပေးအပ်ထားသည့် တာဝန်၊ ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် သင်တန်းမှ သင်ကြား ပို့ချပေးခဲ့သည့် ပညာရပ်များနှင့်ဗဟုသုတများကို  လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ပြန်လည်မျှဝေပြီး မိမိဌာနတိုးတက်ရေးအတွက် စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ်မမွေးဘဲ ဝန်ထမ်းအချင်းချင်း အဖွဲ့အစည်းစိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်ဖြင့် အထက်အောက် အပြန်အလှန် လေးလေးစားစား ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြရန်နှင့် နိုင်ငံတော်က အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းသား/သင်တန်းသူ(၂)ဦးအား သင်တန်း သား/သင်တန်းသူများကိုယ်စား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သည့် သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းအား မတ်လ(၂၀)ရက်မှ (၃၁) ရက်နေ့အထိ (၂)ပတ်ကြာ သင်တန်းသား/သင်တန်းသူ(၂၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။