အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာလ (၇)။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထား သည့် လူမှုရေးဦးတည်ချက် (၃)ရပ်အနက် “ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး” ဟူသော ဦးတည်ချက်နှင့်အညီ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများကို နှစ်စဉ် အားကစားပြက္ခဒိန်ရေးဆွဲပြီး ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း၊ လာမည့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ များအဖြစ် ဘောလုံး(ကျား)၊ ဘော်လီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ ဖူဆယ်(ကျား)၊ လွန်ဆွဲ (ကျား၊မ)၊ ထုပ်ဆီးတိုး(မ)၊ အပြေး(ကျား၊မ)ပြိုင်ပွဲများအဖြစ် အားကစားနည်း(၇)နည်းအား ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများနှင့်ပတ်သက်သည့် စည်းမျဉ်း/စည်းကမ်းနှင့် ကျင်းပပြုလုပ်မည့် အစီအစဉ်များကို ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေ ပေးထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများမှ အားကစားသမားများနှင့် လူငယ်အားကစား လေ့ကျင့်ရေးစခန်းမှ အားကစားသမားများအား ရွေးချယ်ပြီး ဝန်ကြီးဌာနများမှ အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထား၍ ပြိုင်ပွဲများမှာ ထည့်သွင်းကစားခဲ့ကြပြီး အားကစားသမားများ၏ဘဝနောင်ရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကြသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ ချစ်ကြည်စည်းလုံးစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်မည့် ဝန်ထမ်းကောင်းများပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်သည့်အတွက် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများအတိုင်း ဝင်ရောက်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းအကြံပေး ပူးပေါင်းဆောင်ရွက် ပေးကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ပြိုင်ပွဲနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများ၊ အသက်ကန့်သတ်ချက်များနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပြီးနောက် အစည်း အဝေးတက်ရောက်လာကြသည့် ဝန်ကြီးဌာနများ၏ ကိုယ်စားလှယ်များမှ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အသင်းအနေအထားများ၊ သင်ကြားပြသပေးရန်အတွက် နည်းပြဆရာ လိုအပ်ချက်များ နှင့် လေ့ကျင့်ရေးကွင်း/ရုံအသုံးပြုခွင့်များ၊ အသက်ကန့်သတ်ချက်များ၊ စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ဖြည့်စွက်အတည်ပြု ဆွေးနွေးပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများနှင့် ဝန်ကြီး ဌာနများမှ တာဝန်ခံကိုယ်စားလှယ်များ၊ တက်ရောက်သူ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။