အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာ အ-လ-က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဟုမ္မလင်း၊ ဖေဖော်ဝါရီ (၁၆)။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဟုမ္မလင်းမြို့နယ်ခေါင်ခမ်းကျေးရွာ အ-လ-က စာသင်ကျောင်းတွင်ဖေဖော်ဝါရီ(၁၆)ရက်နေ့၊ နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခေါင်ခမ်းကျေးရွာ (အ-လ-က) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယာပညာဦးစီးဌာန အားကစားမှူးဦးမင်းမင်းနိုင်က လူငယ်နှင့်အားကစားသည် ဒွန်တွဲလျက်ရှိပါသဖြင့် လူငယ်နှင့်အားကစားယှဉ်တွဲ၍ တိုးတက်ဖွံဖြိုးလာအောင် နိုင်ငံတော်က အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်း(မုံရွာ)ကို ဖွင့်လှစ်က အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အဆိုပါ သင်တန်းကျောင်းသို့တက်ရောက်လိုပါက အဆက်အသွယ်ပြုအမည်ပေးနိုင်ပါကြောင်းရှင်းလင်းဆွေးခဲ့သည်။

ဆက်လက်၍ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်နဲ့ရည် ရည်းချက်၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ကျန်းမာရေး စသည်ဖြင့် လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အားကစားလှုပ်ရှားခြင်းဖြင့် ဘက်စုံထူးချွန်ထက်မြက်သည့်လူငယ်များပေါ်ထွန်းလာမည် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ” ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်အားကစားနှင့် ကာယပညာဉီးစီးဌာန အားကစားမှူး ဦးမင်းမင်းနိုင်နှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးဧဆက်တို့က ဆွေးနွေးမည့်သူများနှင့်မိတ်ဆက်ပေးကာ ကျောင်းသားကျောင်းသူ(၄)ဉီးတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား ပတ်သက်သည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်အခမ်းအနားသို့တက်ရောက်လာကြသောကျောင်းသား/သူလေး များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လူငယ်စကားဝိုင်းသို့ ဟုမ္မလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမင်းမင်းနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဧဆက်၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၈၀ ဦးကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။