အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ(၂၈)ရက်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်အေးအေးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက ”အနာဂတ်နိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းပြီး နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြမဲ့ မျိုးဆက်သစ် လူငယ်လူရွယ်များသည် ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနဲ့လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတက်အောင် အသိပညာ၊ အတတ်ပညာတွေကို ကြိုးစားလေ့လာဆည်းပူးဖို့လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ခြင်းသည်လည်း အရေးကြီးသည့်ကဏ္ဍဖြစ်သည့်အတွက် ကျန်းမာ ကြံ့ခိုင်ပြီး ဉာဏ်ပညာပြည့်ဝစေရန် အားကစားနည်း တစ်မျိုးမျိုးကို လေ့လာလိုက်စားဖို့လိုအပ်ကြောင်း”ဟောပြောခဲ့ကာမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူးဒေါ်ခင်ကောင်းစံမှ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် ဆက်လက်ဟောပြောခဲ့သည်။

ဆက်လက်ပြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကာ ဝူရှူး၊ ဗိုဗီနမ်၊ ရိုးရာခြင်းအားကစားနည်းသရုပ်ပြအဖွဲ့တို့မှ သရုပ်ပြသခဲ့သည်။ ထို့နောက်ဟောပြောခဲ့သည့် အားကစားဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးမြန်းပြီးဖြေဆိုနိုင်သည့်ကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ချီးမြှင့်ကာအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။