အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ဇန်နဝါရီလ (၂၆)ရက်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ညနေ ( ၁၆:၃၀ ) နာရီ အချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယ ပညာသိပ္ပံ( တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှပြိုင်ပွဲတွင် ဆုရရှိသည့် အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကီလိုတန်းများအလိုက်ယှဥ်ပြိုင်ကစားခဲ့ကြသော ဆုရအားကစားသမားများကို လည်ဆွဲဆုတံဆိပ်များနှင့် ငွေသားဆုများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမတံခွန်စိုက်ဆုဖလားရရှိသည့် လင်းခေးမြို့နယ်အသင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့် မှ ဆုဖလားကြီးအား ပေးအပ်ခဲ့ကာ အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့အား ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။