အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

သင်္ကြန်အကြတ်နေ့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ၏ အတာသင်္ကြန်ပွဲတော်ကျင်းပ

နေပြည်တော်၊ ဧပြီ(၁၅)။

၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစုလမ်းလျှောက်သင်္ကြန်နှင့် စတုဒီသာကျွေးမွေးခြင်းတို့ကို နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော်အခမ်းအနားကို ယနေ့(သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စခန်းတို့၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအသီးသီးမှ စတုဒီသာကျွေးမွေးသည့် မြန်မာ့ရိုးရာအစားအစာများကို ပျော်ပျော်ပါးပါး စားသောက်ပြီး လမ်းလျှောက်သင်္ကြန်(အကြတ်နေ့)အား ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုများကို လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်ပြီး ဌာနခွဲများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ အားကစားမောင်မယ်များ အတာသင်္ကြန်မဏ္ဍပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားမောင်မယ်များ၊ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ရခိုင်ရိုးရာသင်္ကြန် ရေပတ်ကစားနေမှုများအားလည်းကောင်း၊ ဂျူဒိုအားကစားနည်းမှ ဂျပန်နည်းပြ YAMATO HIRANUMA က မြန်မာသီချင်းဖြင့်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားမောင်မယ်များက ကမ္ဘောဒီးယားသီချင်းဖြင့်လည်းကောင်း၊ အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန်သီချင်း၊ သင်္ကြန်အကများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်မှု များအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖျော်ဖြေရေးအဖွဲ့ များအတွက် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန်(အကြတ်နေ့)အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့သည်။

အဆိုပါ သင်္ကြန်အကြတ်နေ့ မိသားစုလမ်းလျှောက်သင်္ကြန်အခမ်းအနားနှင့် အားကစားမောင်မယ်များ၏ အတာသင်္ကြန်ပွဲတော်အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့် ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဧပြီလ(၁၆)ရက်နေ့(သင်္ကြန်အတက်နေ့) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မိသားစု လမ်းလျှောက်သင်္ကြန်ပွဲတော်အခမ်းအနားနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း/အမှုထမ်းများကို ပြည်ထောင်စုဝန်ကြီးက အမှတ်တရကံစမ်းမဲ ဖောက်ပေးခြင်းများနှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ၏ အတာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ရေပတ်ကစားနေမှုများအား ပျော်ပျော်ပါးပါးဆက်လက်ဆင်နွှဲ သွားမည် ဖြစ်ကြောင်းသိရသည်။