အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၀)။

အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။

အစီအစဉ်အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ (၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှသာ ဌာန၏ ရည်မှန်းချက်များကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုခန့်အပ်လိုက်သည့် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း/စည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ကောင်းမွန်စွာသိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်ကိုလည်း တိကျစွာ လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း အထက်အောက် အပြန်အလှန်လေးစားမှုရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံနိုင်မှုတွေကို အထူးအလေးထားလိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် အရာထမ်း/အမှုထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများ အစဉ်တိုးတက်နေအောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်းစိတ်ဓာတ် အပြည့်အဝဖြင့် ပေးအပ်ထားသည့်တာဝန်များကို အတူတကွပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်ကအားထားရသည့် ဝန်ထမ်းကောင်းများဖြစ်လာစေရန်ကြိုးစားသွားကြရန်နှင့် သင်တန်းမှပို့ချသော စာတွေ့/လက်တွေ့ သင်ခန်းစာများကို လေးလေးနက်နက် လေ့လာမှတ်သားပြီး မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များ အောင်မြင်စေရန် ပြန်လည်အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)မှ လက်ထောက်အတွင်းဝန်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှ မတ်လ(၁၀)ရက်နေ့အထိ လူငယ်ရေးရာဦးစီးဌာန၊ ဌာနခွဲအသီးသီးမှ သင်တန်းသား/သင်တန်းသူ(၂၅)ဦးတို့ဖြင့် လူငယ်ရေးရာဦးစီးဌာန၊ သင်တန်းခန်းမတွင် (၃)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။