အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန်လ(၂)ရက်။  

၂၀၂၁ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံပိုက်ကျော်ခြင်း(အမျိုးသား)နှင့်   ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁)၊အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အမှာစကားပြောကြားရာတွင် နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအား “ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေဖို့၊ ဝန်ထမ်းများ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းစေဖို့ ရည်ရွယ်ချက်နဲ့” ၂၀၀၇ခုနှစ်မှ စတင်ကျင်းပခဲ့ပါကြောင်း၊ ၂၀၂၀ပြည့်နှစ်တွင် Covid-19 ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိ၍ ၂၀၂၁ခုနှစ်မှသာ ပြန်လည်ကျင်းပမည်ဖြစ်ပါကြောင်း အားကစားနှင့်ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဧပြီလ(၂၂)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ၅/၂၁ မှာ အားကစားကဏ္ဍနှင့်ပတ်သက်ပြီး အားကစားပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှု ရှိမည်ဖြစ်ကြောင်း၊ အလွယ်ကူဆုံးအားကစား(၂)နည်းမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းပင်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစ၍ အားကစားပြိုင်ပွဲများမှအောင်မြင်မှုများ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း များစွာကျဆင်းခဲ့ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းသည် စိတ်ဓာတ်မြှင့်တင်ခြင်းပင်ဖြစ်ပါကြောင်း၊ အားကစားနှင့်ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍတိုးတက်အောင် ဆောင်ရွက်ကြစေနိုင်ကြောင်း တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)၊ ဘော်လီဘော်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများမကြာခင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်က ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲအဖြစ် ဘောလုံး၊ ဘော်လီဘောပြိုင်ပွဲ(၂)နည်းသာ ကျင်းပခဲ့ပြီး ပိုက်ကျော်ခြင်း အားကစားနည်းကို လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲ၌ ထည့်သွင်းကျင်းပခဲ့ပါကြောင်း၊ ယခုအခါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို သီးသန့်ဝန်ကြီးဌာနပြိုင်ပွဲအဖြစ်ကျင်းပမှာဖြစ်ပါကြောင်း၊ ၂၀၁၉ခုနှစ် ကျင်းပခဲ့သော ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် အမျိုးသား(၇)သင်း၊ အမျိုးသမီး (၄)သင်း၊ ၂၀၂၀ပြည့်နှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝန်ကြီးဌာန(၁၄)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်မှာ ဖြစ်သောကြောင့် ယခင်နှစ်တွေထက် ပိုမိုပါဝင်ယှဉ်ပြိုင်ကြရန် မျှော်လင့်ပါကြောင်း၊ ယခုကျင်းပမည့် ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ဇူလိုင်လ(၁၂)ရက်မှ (၁၆)ရက်နေ့အထိ လည်းကောင်း၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲကို ဩဂုတ်လ(၁၁)ရက်မှ (၂၀)ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများအား ဝန်ထမ်းများ၏ ကျန်းမာပျော်ရွှင်မှုကို ရည်ရွယ်သည်ဆိုပေမဲ့ ပြိုင်ပွဲအောင်မြင်မှုကို မူတည်၍ မလိုလားအပ်သော အငြင်းပွားမှုများ၊ ပြဿနာများ ဖြစ်ပွားမှု အမြဲရှိနေပါကြောင်း၊ ယခုကျင်းပမည့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲရည်ရွယ်ချက် မပပျောက်စေရေးအတွက် ထုတ်ပြန်ထားသော ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ကြီးဌာနအသီးသီးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဝန်ထမ်းအားကစားကန့်သတ်ချက်တွေ ပါဝင်ပေမဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပြီး လာမည့် ၂၀၂၂ ခုနှစ်တွင်ကျင်းပမည့် ဘောလုံး၊ဖူဆယ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများကို အလွတ်တန်း ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနှင့် လာမည့်နှစ်အတွက် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ပြောကြား လိုပါကြောင်းနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးမှ ပါဝင်ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ ပြိုင်ပွဲကျင်းပမည့် စည်းမျဉ်းဥပဒေများလိုက်နာနိုင်ရေး၊ ပြိုင်ပွဲ၏ စည်းကမ်းနှင့် အားကစားဆိုင်ရာကန့်သတ် ချက်များကို ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် ညွှန်ကြားရေးမှူးများမှ ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များ၊ အားကစား အရည်အချင်း သတ်မှတ်ချက်များ၊ ဝန်ထမ်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ အားကစားလေ့ကျင့်မှုဆိုင်ရာ အားကစားကွင်းရရှိရေး ကိစ္စရပ်များ၊ နည်းစနစ်ပိုင်းဆိုင်ရာ နည်းပြဆရာများ ထောက်ပံ့ကူညီပေးနိုင်ရေး ကိစ္စရပ်များ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ဘော်လီဘောအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များမှ ပြိုင်ပွဲနည်းစနစ် စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်းမှ ပြိုင်ပွဲ   ကျင်းပရာတွင် အားကစားသမားများအား နိုင်ငံတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာ နိုင်ရေးတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ခေတ္တညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြလာသော အချက်များကို ပြန်လည်ဆွေးနွေး ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။