အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၃)။

မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်နိုင်စေရေးအတွက် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိ သန်စွမ်းသူ လူငယ်များနှင့် မသန်စွမ်းသူလူငယ်များ၏ လူငယ်ဆိုင်ရာကဏ္ဍများအတွက် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ လူငယ်ရေးရာဦးစီးဌာန မသန်စွမ်းလူငယ်ရေးရာဌာနခွဲအနေဖြင့်လည်း မသန်စွမ်းလူငယ် များအား အသက်မွေးပညာရပ်များကို ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်စေ ရေး၊ မသန်စွမ်းလူငယ်များအတွက်အခွင့်အရေး ကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေ ရေးနှင့် မသန်စွမ်းသူများ ပါဝင်မှုအပေါ် ပိုမိုလေးနက်စွာ နားလည်ပြီး အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Hand Gel၊ ဆပ်ပြာတုံး၊ ဆပ်ပြာရည်ပြုလုပ်နည်းများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းလူငယ်များအနေဖြင့်လည်း အရင်းအနှီး နည်းနည်းဖြင့် အိုးမကွာအိမ်မကွာ တစ်နိုင်တစ်ပိုင်စီးပွားဖြစ် လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေရရှိ ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများသည် မိမိတို့၏ အားနည်းချက်များအပေါ်တွင် အကောင်းဆုံးစွမ်းဆောင်နိုင်သူများဖြစ်ကြောင်း၊ အခြေခံယုံကြည်ချက် ထားရှိပြီး ကြိုးစားလေ့လာသင်ယူသွားကြရန်တိုက်တွန်းမှာကြားလိုကြောင်း၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းလူငယ်များအတွက် လူငယ်ရေးရာကိစ္စများနှင့်ပတ်သက်ပြီး မသန်စွမ်းလူငယ်အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မသန်စွမ်းသူများ အနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို သိရှိနားလည်လာခြင်း၊ ထို့အပြင်မသန်စွမ်းလူငယ် ကျား(၂)ဦးနှင့် မ(၁)ဦးတို့ကို မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်မှ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဘောလုံးနှင့်ပြေးခုန်ပစ်အားကစားနည်းအတွက် ပဏာမ လက်ရွေးစင်အဖြစ် ခေါ်ယူစခန်းသွင်း လေ့ကျင့်ပေးနေခြင်းစသည့် အကျိုးရလဒ်ကောင်းများရရှိ ခဲ့သည့်အပြင် လူငယ်ရေးရာဦးစီးဌာနမှလည်း အားကစားဝတ်စုံနှင့် ငွေကြေးများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း၊ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရယူပေးခဲ့သည့် မသန်စွမ်းအားကစားသမားများကို  နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ပေးခဲ့ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းလူငယ်များ၏ ပညာရေးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်အောင်မြင်သူများကိုလည်း ထိုက်သင့်သလို ထောက်ပံ့မှုများပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များ အနေဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အားကစား ကွင်း/အားကစားရုံများတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ မသန်စွမ်းလူငယ်များနှင့်ပတ်သက်ပြီး ရေရှည်တွင် ပိုမိုအကျိုးရှိစေမည့် အသက်မွေးဝမ်းကြောင်း အတတ်ပညာအဖြစ် ဆပ်ပြာထုတ်လုပ်မှု သင်တန်းများသာမက အခြားလက်မှုအတတ်ပညာများ ဖြစ်သည့် ဆိုင်ကယ်ပြင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုသင်တန်း၊ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းစသည့်သင်တန်းများကို တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် သင်ကြားပေးနိုင်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ အသက်မွေးဝမ်းကျောင်းသင်တန်း များ၊ လူသုံးကုန်ပစ္စည်းသင်တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းအတွက် မသန်စွမ်းလူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝင်ငွေတိုးပွားလာစေရန် များစွာ အထောက် အကူပြုသည့်အတွက် အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာနကို မသန်စွမ်းလူငယ်များကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)မှ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူ များတက်ရောက်ခဲ့ကြသည်။

လူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ကို ဇူလိုင်လ (၃)ရက်မှ (၇)ရက်အထိ ပေါင်းလောင်းအားကစားခန်းမ၌ သင်တန်းသား/သင်တန်းသူ(၂၅)ဦးအား အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းကေခိုင်မြတ်ထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်မော်တို့မှ သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။