အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၃၀)။

မသန်စွမ်းလူငယ်များ အသက်မွေးဝမ်းကျောင်းအတတ်ပညာ ရရှိစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနား၌ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းလူငယ်များ အိုးမကွာ အိမ်မကွာ အရင်းအနှီးနည်းနည်းဖြင့် စီးပွားဖြစ်လုပ်ကိုင်နိုင်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိနိုင်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ (MSME) အရှိန်အဟုန်မြင့် တိုးတက်လာမှာဖြစ်ပြီး နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာအောင် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဟန်ချက်ညီအောင် ဖြည့်တင်းပေးရန်လိုအပ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့်လည်း မသန်စွမ်းလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အဓိက ရှေ့လုပ်ငန်းစဉ်ကြီး(၃)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းအပြင် အခြားကုန်ထုတ်လုပ်မှုသင်တန်း၊ လက်မှုအတတ် ပညာသင်တန်းများကိုလည်း ထပ်မံ၍ ဖွင့်လှစ်နိုင်ရေးကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မသန်စွမ်းလူငယ်များ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာသင်ကြားရန် အခက်အခဲရှိပါက တင်ပြနိုင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ကာလတွင်လည်း အားကစားသင်တန်းများဖွင့်လှစ်သည့်အခါ မသန်စွမ်းလူငယ်များ အတွက် နွေရာသီအားကစားသင်တန်းများပါ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် စနစ်တကျ ပြုစုပျိုးထောင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားရန်လိုကြောင်းနှင့် သင်တန်းမှပို့ချသော စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို သင်တန်းသား/သင်တန်းသူများအနေဖြင့် သေချာစွာ အာရုံစိုက်ပြီး ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ဇန်နဝါရီလ (၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ (၃)ရက်နေ့အထိ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း(၂)၌ သင်တန်းသား/သင်တန်းသူ (၂၉)ဦးကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်စုလှိုင်မြင့် (ဦးစီးအရာရှိ)နှင့် ဒေါ်ခိုင်ခိုင်မော် (ဒုတိယဦးစီးမှူး)တို့မှ ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်နှင့် Hand Gel ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်မသန်စွမ်းအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။