အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့်ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်လ(၂၃)ရက်။

၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း ဦးဆောင်၍ ဌာနခွဲ(၄)ခုတို့မှ အရာထမ်း၊အမှုထမ်းများနှင့် ဝန်ထမ်းများ၏ဆန္ဒဖော်ထုတ်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် (၁၂)ကြိမ်မြောက်အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး (AMMY) နှင့် ဆက်စပ်အစည်းအဝေးများ၊ (၁၂)ကြိမ်မြောက်အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY) နှင့်ဆက်စပ်အစည်းအဝေးများအား (၁၉.၆.၂၀၂၃)ရက်နေ့မှ (၂၁.၆.၂၀၂၃) ရက်နေ့အထိ Virtual စနစ်ဖြင့်တက်ရောက်ခဲ့ပြီးဖြစ်ရာ လက်ရှိဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိသော မလေးရှားနိုင်ငံက ဥက္ကဋ္ဌတာဝန်များအား မြန်မာနိုင်ငံထံသို့ လွှဲပြောင်းခဲ့ပြီ ဖြစ်သောကြောင့် မိမိတို့ဌာနမှလိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ချိန်တွင် လက်ရှိဝန်ထမ်းအင်အားနှင့် အ‌ကောင်အထည်ဖော် ဆောင်ရွက်ရန် အခက်အခဲရှိသောကြောင့် ၂၀၂၄ ခုနှစ်တွင် ဝန်ထမ်းများ ထပ်မံဖြည့်တင်းခန့်ထားမှုများ ပြုလုပ်သွားရန်လိုကြောင်း၊ မိမိတို့ဦးစီးဌာန အနေဖြင့် ဝန်ထမ်းများအားလုံး အင်္ဂလိပ်စာကျွမ်းကျင်မှုရှိစေရန် သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်းများအား အလှည့်ကျ တက်ရောက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က AMMY နှင့် SOMY အစည်းအဝေးတို့ကို ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပမည့်ကိစ္စတွင် ဦးစီးဌာနမှဝန်ထမ်းများအားလုံးက ထဲထဲဝင်ဝင်သိရှိနားလည်ပြီး အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှသာ အခြားနိုင်ငံများနှင့်တန်းတူ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီသည့် ဝန်ထမ်းများအား ရွေးချယ်ခန့်ထားနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာဌာနခွဲ)မှ ယခင် (၁၄.၃.၂၀၂၃) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် ဌာနခွဲများအလိုက် အရာထမ်း၊ အမှုထမ်း များက အသီးသီးဆွေးနွေးတင်ပြခဲ့ကာ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲကို နေ့လယ် (၁၂:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သော လူငယ်ရေးရာဦးစီးဌာန ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချူပ်နှင့် ဌာနခွဲ(၄)ခုတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။