အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ် (၁၅)ရက်။

ဝန်ထမ်းများတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဖွင့်လှစ်သည့် “ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား” ကို ယနေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန(ဝန်ကြီးရုံး)မှ လက်ထောက်အတွင်းဝန်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဘာသာစကားအခက်အခဲမရှိစေရန် ရည်ရွယ်၍ ယခုသင်တန်းအားဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မူဝါဒ၊ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဓိကလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် မြှင့်တင်ပေးရန်အလွန်အရေးကြီးကြောင်း၊ ဝန်ကြီးဌာန၏ အနာဂတ်ရှေ့လုပ်ငန်းစဉ်များအောင်မြင်စေရေးအတွက် ဝန်ထမ်းများအနေဖြင့် တစ်ဦးကောင်း တစ်ယောက်ကောင်းစိတ်မမွေးဘဲ အချင်းချင်းစည်းလုံးညီညွတ်မှုအားနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဖြင့် မိမိဝန်ကြီးဌာန တိုးတက်အောင်မြင်လာစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူငယ်များအနေဖြင့် ခေတ်မီတိုးတက်လာသော နည်းပညာများအား ပိုမိုသင်ယူနိုင်စေရေးအတွက် အင်္ဂလိပ်စာ စွမ်းရည်တိုးတက်လာစေရန် အရေး၊ အဖတ်၊ အပြောများကို ပိုမိုလေ့လာလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအစည်း အဝေး (AMMY)နှင့် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMY)တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သောကြောင့် ယခုသင်တန်းတွင် သင်ယူတတ်မြောက်ခဲ့သော ဝန်ထမ်းများမှ ပါဝင်ကူညီလုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချသည့် အသိပညာ၊ အတတ်ပညာများသာမက နိုင်ငံတကာမှပညာရပ်များကိုလည်း အမြဲလေ့လာ၍ တွေးတောကြံဆနေရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်အရည်အချင်းပြည့်မှီနေအောင် အမြဲကြိုးစားနေရမည်ဖြစ်ကြောင်း၊ သင်တန်းကာလတွင် အချင်းချင်းအပြန်အလှန်သင်ယူပူးပေါင်းဆောင်ရွက်ပြီး မိမိဘဝ တိုးတက်ရေး၊ မိမိဌာနတိုးတက်ရေးမှသည် မိမိနိုင်ငံတိုးတက်ရေးအထိ သယ်ပိုးဆောင်ရွက်သွားစေလိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းစည်းမျဉ်း/စည်းကမ်းများကို သင်တန်းပြီးဆုံးသည်အထိ လေးစားလိုက်နာကြရန်နှင့် သင်တန်းမှ ပို့ချချက်များကို မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ လေးလေးနက်နက်ကြိုးစားလေ့လာသင်ယူပြီး မိမိတို့ဌာန၏ အရည်အသွေးကို စဉ်ဆက်မပြတ် အောင်မြင်တိုးတက်အောင် ပြန်လည်အသုံးချကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများနှင့် စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို ဩဂုတ်လ(၁၅)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့အထိ လူငယ်ရေးရာဦးစီးဌာန၊ သင်တန်းခန်းမ၌ တနင်္လာနေ့မှသောကြာနေ့ များတွင် နေ့စဉ်မွန်းလွဲ(၂)နာရီမှ(၄)နာရီအထိ သင်တန်းကာလ(၂)လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း နည်းပြဆရာမ(၂)ဦးမှ သင်တန်းသား/သင်တန်းသူ(၃၀)ဦးအား သင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။