အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာနမှကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ (၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူး၍ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို (၃.၂.၂၀၂၃)ရက်နေ့၊ မွန်းလွဲ (၃:၀၀)နာရီ အချိန်၌ လယ်ဝေးမြို့နယ်၊ အားကစားခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာတွင် မသန်စွမ်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ မသန်စွမ်းလူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့ လယ်ဝေးမြို့နယ်က မသန်စွမ်း လူငယ်တွေကိုလည်း အထူးချီးကျူးဂုဏ်ယူ ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်ခဲ့သည့် မသန်စွမ်းလူငယ်များသည် သာမန်လူကောင်း များထက် ပိုမိုဝီရီယစိုက်အားထုတ်ကြိုးစားခဲ့ရမှာ ဖြစ်ကြောင်း၊ သင်တန်းသူ/သင်တန်းသား များကလည်း ကြိုးစားသင်ယူခဲ့တာ တွေ့ရသည့်အတွက်လည်း မိမိတို့အနေဖြင့် များစွာ ဂုဏ်ယူမိပါကြောင်း၊ သင်တန်းက သင်ကြားလိုက်တဲ့ ကုန်ထုတ်လုပ်မှုနည်းပညာတွေကို အမှန်တကယ်လေ့လာမှတ်သားသင်ယူပြီး လက်တွေ့ဘဝမှာ အသုံးချနိုင်မယ်ဆိုရင် မသန်စွမ်း လူငယ်တွေအတွက် စီးပွားရေးလုပ်ငန်းကို အိုးမကွာအိမ်မကွာ ပြုလုပ်နိုင်မှာဖြစ်ပြီး မိမိဘဝ ရပ်တည်နေထိုင်မှုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိမှာဖြစ်ပါတယ်။ သင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းနည်းပြဆရာမ (၂)ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။