အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဆေးတက္ကသိုလ်တောင်ကြီးတို့ ပူးပေါင်းကျင်းပသော ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲကျင်းပ

တောင်ကြီး၊ ဇွန်(၁၅)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲကိုဇွန်(၁၅)ရက်မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး ကဆေးတက္ကသိုလ်ကျောင်းသားများသည်ကျောင်းစာကိုအမြဲလေ့လာဖတ်ရှုနေကြပြီး မအားလပ်သည့်ကြားက ယခုလိုအားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဥ်ပြိုင်ကြသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ စာပေပညာထူးချွန်ရုံသာမက အားကစားတွင် ထူးချွန်အောင်ကြိုးစားလိုစိတ် ရှိသည်ကို ဝမ်းမြောက်မိပါကြောင်း၊ ယနေ့ပြိုင်ပွဲတွင် ကစားကြသည့် ကျောင်းသားများသည်မိမိကိုယ်ကို ကိုယ်စားပြုရုံသာမက တက္ကသိုလ်တစ်ခုလုံး၏ ကိုယ်စားဖြစ်၍ အားကစားသမားများအနေဖြင့် တက္ကသိုလ်၏ ဂုဏ်နှင့်စိတ်ဓါတ်ကို ဖော်ညွှန်းပြပါကြောင်း၊ ကစားသည့်အခါစိတ်အားထန်သန်မှု၊ ပြိုင်ဘက်ကို လေးစားမှု၊တက္ကသိုလ်ဘောလုံးသမိုင်းကို ထူးခြားစစ်မှန်သည့်အားကစားစွမ်းရည်များနှင့် ဖော်ကျူးပြီး အားကစားစွမ်းရည်မျှတသည့် ကစားနည်းလမ်းများဖြင့် ကစားကြရန် ပြောကြားသည်။

ဆက်လက်၍ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှမြင့်ဝင်းက ပြိုင်ပွဲကျင်းပရခြင်းအကြောင်းအရင်းကို ရှင်းလင်းတင်ပြပြီး ပြိုပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ထို့နောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊‌ ဆေးတက္ကသိုလ် -တောင်ကြီးပါမောက္ခချုပ်နှင့် တာဝန်ရှိသူများကပြိုင်ပွဲဝင်အားကစားသမားများအားလိုက်လံနှုတ်ဆက်ကြပြီးဆေးတက္ကသိုလ်-တောင်ကြီးကျောင်းသူလေးများမှ အတန်းအလိုက် Cheer Leader အကမယ်များက ပန်းဖွားအကဖြင့် ကပြဖျော်ဖြေ၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အ.ထ.က(၄)ပန်းဖွာအကအဖွဲ့နှင့် ဆေးတက္ကသိုလ် ပန်းဖွားအကမယ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ လည်းကောင်း၊ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာလှမြင့်ဝင်းမှ အ.ထ.က(၄)ဘင်ခရာအဖွဲ့ကိုဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဆေးတက္ကသိုလ်-တောင်ကြီးဘောလုံးပြိုင်ပွဲတွင် ဆေးတက္ကသိုလိ(A) နောက်ဆုံးနှစ်အပိုင်း(ခ)နှင့်ပထနှစ် (၅/၂၀၂၃) အသင်း (B)နောက်ဆုံးနှစ်အပိုင်း(က)အသင်း (C)ဆေးပညာအခြေခံနှစ်(၁/၂၀၂၃ အသင်း(D) တတိယနှစ်အသင်းတို့ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲပထမနေ့ပွဲစဉ်အဖြစ် (C)ဆေးပညာအခြေခံနှစ် (၁/၂၀၂၃)အသင်းနှင့် (D)တတိယနှစ်အသင်းတို့ ယှဥ်ပြုင်ကစားနေမှုကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ်နှင့်ပါမောက္ခများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှုအားပေးကြပြီးပြိုင်ပွဲကို ဇွန်(၁၅)ရက်နေ့မှ(၂၁)ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။