အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ မေလ (၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ကြီးမှူးဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံ အားကစားသင်တန်းများကို ၂၀.၃.၂၀၂၂ ရက်နေ့မှ ၂.၅.၂၀၂၂ ရက်နေ့အထိ အားကစားနည်း (၁၉)နည်း၊ သင်တန်း ‌သား/သင်တန်းသူ စု စုပေါင်း (၁၃၀၀)ဦး တက်ရောက်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ(၃:၀၀)အချိန်၊တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက အားကစားအဖွဲ့များအား တစ်ဖွဲ့ချင်းချစ်ခင်ရင်းနှီးစွာဖြင့် လိုက်လံနှုတ်ဆက်ကာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူ များသို့ ဂုဏ်ပြုချီးမြှင့်ငွေနှင့်သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့‌နောက် သင်တန်းဆင်း ဝူရှူး၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ အေရိုးဗစ်နှင့် ရိုးရာခြင်းလုံး အားကစားသမားများမှအားကစားနည်းအလိုက် သရုပ်ပြသခဲ့ကြပြီး အခမ်းအနားကို ညနေ(၄:၃၀)အချိန်တွင် အောင်မြင်စွာဖြင့်ရုပ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။