အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပ

တောင်ကြီး၊ ဇန်နဝါရီလ ၂၄ရက်။

ရှမ်းပြည်နယ်( တောင်ပိုင်း ) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် (၂၅)နှစ်အောက်မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိဒေသများတွင် မြန်မာ့သိုင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာကျန်းမာပြီး ကြံ့ခိုင်သောလူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေလိုတဲ့ အတွက်ကြောင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ၊ ” မြန်မာတိုင်း သိုင်းတတ်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့သိုင်းအားကစားနည်းကိုစိတ်ပါဝင်စားလာပြီး လူငယ်တိုင်းပါဝင်လှုပ်ရှားလာစေရန် ရည်ရွယ်ကြောင်း ၊ ယခုပြိုင်ပွဲကနေပြီးလက်ရွေးစင် အားကစားသမားများကို ရွေးချယ်ပြီးနေပြည်တော်၌ ဖေဖေါ်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိကျင်းပမယ့် တိုင်းဒေသကြီးနှင့်ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါကြောင်းထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ ပြိုင်ပွဲဝင် အားကစားသမားများက အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် ဗန်တို အတိုက်ပြိုင်ပွဲ၊ ဓါးသိုင်းအတိုက် ( ဓါးတစ်လက် ၊ ဓါးနှစ်လက်)ပြိုင်ပွဲ၊ တစ်ကိုယ်တော် ပညာစဉ်ပြပြိုင်ပွဲ၊ အသင်းလိုက် စွမ်းရည်ပြ အတွဲ/အတိုက်ပြိုင်ပွဲ၊ လက်နက်မဲ့ ၊ တုတ်ရှည်၊ ဓါးရှည်၊ ဓါးမြှောင်ဗန်တို ၊ အချုပ်အဖြည်များကို ပြိုင်ပွဲနည်းစနစ်များအတိုင်း ဇန်နဝါရီ ၂၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး တံခွန်စိုက်ဆုဖလားကို ချီးမြင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့သိုင်းကစားနည်းကို ရှမ်းပြည်နယ်အနေဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် နှစ်စဉ်ရွှေတံဆိပ်များကိုရရှိခဲ့ပြီး ၂၀၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်အနေဖြင့် ရွှေ(၅)၊ ငွေ(၈)၊ ကြေး(၁၀) ရရှိခဲ့ကာအမျိုးသမီးတံခွန်စိုက်ဒိုင်း ရရှိခဲ့ပါသည်။၂၀၂၀ခုနှစ်နင့်၂၀၂၁ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြောင့် ပြိုင်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၂ခုနှစ်မှသာ ပြိုင်ပွဲကို ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ( တောင်ကြီး)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဒိုင်ဥက္ကဌနှင့်ဒိုင်လူကြီးများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။