အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ၏ ဝူရှူး (ထောက်လု) Test Match ပြိုင်ပွဲ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ(၂၆)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ဗီယက်နမ်နိုင်ငံ၌ မေလ(၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများ၏ ဝူရှူး (ထောက်လု) Test Match ပြိုင်ပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်နေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဝူရှူး (ထောက်လု) အားကစားနည်းမှ ထိုက်ချိချွမ်လက်ရွေးစင်အားကစားသမား မောင်ခန့်မင်းထက်နှင့် မမြတ်နိုးဝေ၊ သောင်းစုလက်ရွေးစင် အားကစားသမား မအေးသစ္စာမြင့်၊ ကျန့်စုလက်ရွေးစင်အားကစားသမား မစန္ဒီဦးနှင့် နန်းသောင်း လက်ရွေးစင်အားကစားသမား မောင်သိန်းသန်းဦးတို့၏ တစ်ဦးချင်းပြိုင်ပွဲပုံစံ သရုပ်ပြယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ဒိုင်လူကြီးများနှင့် အားကစားသမားများအားတွေ့ဆုံ၍ ယခု Test Match ပြိုင်ပွဲတွင် အားကစားသမား တစ်ဦးချင်းစီ၏ အားသာချက်/ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီး ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အတိုင်း SEA Games ပြိုင်ပွဲတွင် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော စိတ်ဓာတ်တို့ဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားကြရန်လိုအပ်ကြောင်း၊ ဝူရှူးအားကစား နည်းတွင် နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုသည် အရေးကြီးသည့်အတွက် နည်းပြများမှ လိုအပ်ချက်များကို လမ်းညွှန်ပြသပေးရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲ Pressure ရှိသော်လည်း စိုးရိမ်စိတ်မများဘဲ အနိုင်မခံအရှုံးမပေးသည့် အားကစားသမားကောင်းတို့၏ ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် ရွှေတံဆိပ်ဆုရရှိအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကြရန်လိုအပ်ကြောင်း၊ ဝူရှူးအားကစားနည်း သည် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုအခြေခံပြီး ကစားရသည့် အားကစားနည်းဖြစ်သည့်အတွက် မိမိတို့၏ အားနည်းချက်များကို စိတ်ဓာတ်မကျဘဲ ပြင်ဆင်ရန်အချိန်ကျန်ရှိသေးသည့်အတွက် အကောင်းဆုံး ကြိုးစားလေ့ကျင့်၍ မိမိစိတ်ကို Relax ဖြစ်အောင် နေထိုင်ကြရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်မရွေးတင်ပြပြီး အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။