အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစု လမ်းလျှောက်သင်္ကြန်နှင့် အရာထမ်း/အမှုထမ်းများအား ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ(၁၆)။

၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်(အတက်နေ့)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုလမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ဗလာမပါ ကံစမ်းမဲဖောက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်နှင့်ဇနီး၊ ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများသည် အရာထမ်း/ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များနှင့်အတူ ဌာနခွဲအသီးသီးမှ စတုဒီသာကျွေးမွေးဧည့်ခံသည့် မြန်မာ့ရိုးရာအစားအစာများအား ပျော်ပျော်ပါးပါး စားသောက်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)အား ပါဝင်ကာ စည်းကားသိုက်မြိုက်စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့သည်။

ထို့နောက် ဌာနခွဲများမှဝန်ထမ်းများက သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ရိုးရာ သင်္ကြန်အကအလှများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဖျော်ဖြေရေး အဖွဲ့များအား ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများအား ဗလာမပါကံစမ်းမဲများ ဖောက်ပေးပြီး ဆုများအသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ အားကစားမောင်မယ်များအတာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ပျော်ပျော်ရွှင်ရွှင် ရေပတ်ကစားနေမှုများနှင့် အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ရိုးရာသင်္ကြန် အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့မှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးဇနီး၊ ဒုတိယဝန်ကြီးများ၏ဇနီးများနှင့် အဖွဲ့ဝင်များသည် အားကစားမောင်မယ်များနှင့်အတူ မြန်မာ့ရိုးရာ တေးသီချင်း၊ သင်္ကြန်အကများဖြင့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့များအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။