အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ(၁)။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အိမ်ရှင်ထိုင်းနိုင်ငံမှ အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ၀န်ကြီး H.E Phiphat Ratchakitprakarn က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၊ ယခင်ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ (၁၃)ကြိမ်မြောက်နှင့် (၁၄)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး၊ အခြားဆက်စပ်အစည်းအဝေးများနှင့် စပ်လျဉ်း၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ် အခြေ အနေများအား အစီရင်ခံတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားလည်းကောင်း၊ တားမြစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်ပြီး 6th SOMS+Japan နှင့် 4th AMMS+Japan အစည်းအဝေးများ၌ အားကစားကဏ္ဍ အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် ကာယပညာ ဆရာ၊ ဆရာမများနှင့် နည်းပြများ၊ အမျိုးသမီးများ အားကစားတွင် ပါဝင်လာမှု တိုးတက်လာစေရေး၊ မသန်စွမ်းသူများအတွက် အားကစားမြှင့်တင်ရေး၊ တားမြစ်ဆေးဝါးဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ပြီးနောက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက အသီးသီး ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး နံနက်ပိုင်းအစီအစဉ်အား ခေတ္တရပ်နားခဲ့သည်။

အစည်းအဝေး နေ့လယ်ပိုင်းတွင် အဖွဲ့ဝင်နိုင်ငံများကိုယ်စား တရုတ်နိုင်ငံ ကိုယ်စားလှယ်က ၎င်းတို့၏ အားကစားကဏ္ဍ အာဆီယံလုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၅အောက်ရှိ အာဆီယံ -တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရိုးရာအားကစားနည်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးနှင့် အောင်မြင်မှုရရှိစေရေးတို့အတွက် လိုအပ်သည်များကို ထောက်ပံ့ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ 1st AMMS + China အစည်းအဝေးဆွေးနွေးချက်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆိုပြုချက်များကို အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားမှတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်များတွင် အိမ်ရှင် ဥက္ကဋ္ဌ အဖြစ် ဗီယက်နမ်နိုင်ငံမှ လက်ခံကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုတင်ပြချက်များ၊ အထွေထွေတင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။