အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားများ ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန်၊ မေလ(၁၁)။

၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ညနေ (၅)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့‌ လေယာဉ်အမှတ် UB7022 မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးများ၊ မိဘပြည်သူများက အိုးစည်၊ ဒိုးပတ်များ၊ ပန်းစည်းများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် အုပ်ချုပ်မှုအဖွဲ့(၁၆)ဦး၊ ရွှေတံဆိပ် (၄)ဆု၊ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၁၇)ဆု ရရှိသည့် ဗိုဗီနမ်အားကစားအဖွဲ့ ၊ ရွှေတံဆိပ် (၄)ဆု၊ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၁)ဆု ရရှိသည့် ခြင်းလုံး အားကစားအဖွဲ့ ၊ ရွှေတံဆိပ် (၁)ဆု ၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ်(၆)ဆု ရရှိသည့် ဗိုဗီနမ်(ဘိုကာတာ) အားကစားအဖွဲ့ ၊ ရွှေတံဆိပ် (၁)ဆု ရရှိသည့် ပီတန်းအားကစားအဖွဲ့၊ ငွေတံဆိပ်(၁)ဆု၊ ကြေးတံဆိပ်(၁)ဆု ရရှိသည့် ရိုးရာလက်ဝှေ့အားကစားအဖွဲ့ ၊ ကြေးတံဆိပ် (၂)ဆုရရှိသည့် စစ်တုရင် အားကစားအဖွဲ့ ၊ ပြေးခုန်ပစ်အားကစားအဖွဲ့၊ ဘော်လီဘော အမျိုးသားအသင်း၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့ တို့မှ နည်းပြများ၊အုပ်ချုပ်သူများ၊ပြိုင်ပွဲဝင်အားကစားသမားများ၊စုစုပေါင်း(၁၅၈)ဦးတို့ ပြန်လည်လိုက်ပါ လာကြသည်။

ယနေ့ ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ ဗိုဗီနမ် အမျိုးသမီး(၂)ယောက်တွဲ အပြမှ ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင် ၊ အမျိုးသား(၄)ယောက်တွဲ အပြမှ အောင်ခိုင်လင်း၊ ဟိန်းထက်အောင် ၊ ကျော်သူစိုးအောင်၊ ရာဇာထွန်း ၊ အမျိုးသား (၂)ယောက်တွဲ အပြ မှ မနားကွီးနှင့် တင်ထူးဇော် ၊ အမျိုးသားဓားတစ်လက် အပြ မှ အိုက်စိုးလင်း ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ၁+၂ အတွဲ အတိုက်မှ ပိုင်ဇေယျာဖြိုး ၊ အံ့ဖွယ်ငြိမ်း၊ နီလာစိုးဦး၊ ခြင်းလုံး အားကစားနည်း အမျိုးသမီး Same Stroke ပြိုင်ပွဲမှ အေးအေးသန့် ၊ စုတွယ်တာ ၊ မေဖြိုးစံ ၊သဲသဲ ၊ တင်နီလာဝင်း၊ ယဉ်မင်းသွယ် ၊ ခိုင်သဇင်ဖြိုး ၊ ခိုင်ခိုင် ၊ အမျိုးသား/အမျိုးသမီး Linking Event -3 မှ လဲ့ဝတီဇော်၊ အောင်မြင့်မြတ်၊ နှင်းဝတ်ရည်ဗိုလ်၊ အောင်နိုင်ဖြိုးဟန်၊ ရွှန်းလဲ့ဝေ ၊ သော်ဝေဇင်၊ ငြိမ်းအိမွန်၊ စိုင်းဇော်ဇော်၊ အမျိုးသား Event -4 မှ လင်းသစ္စာအောင်၊ ခန့်ဝင်းဟိန်း၊ ဝေယံဖြိုး၊ ရဝေအောင်၊ ဇော်လင်းမောင်၊ ကောင်းမြတ်သီဟ ၊ မင်းခန့်ဝင်း၊ ဓူဝံကျော်၊ အမျိုးသမီး Event -4 မှ အေးအေးသန့်၊ မေဖူးဟန်၊ သဲသဲ၊ ယဉ်မင်းသွယ်၊ စုတွယ်တာ၊ ခိုင်ခိုင်၊ တင်နီလာဝင်း၊ မှုံနံ့သာ၊ ပီတန်းအားကစား Women Single Shooting မှ ခင်ချယ်ရီသက် တို့ ဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် မေလ(၁၁)ရက် နံနက်ပိုင်းအထိ ရွှေတံဆိပ် (၁၄)ဆု၊ ငွေတံဆိပ် (၁၃)ဆု၊ ကြေးတံဆိပ် (၃၇)ဆု၊ စုစုပေါင်း ဆုတံဆိပ် (၆၄)ခု ရရှိနေပြီဖြစ်သည့်အတွက် ယခင်နှစ် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိသည့် ရွှေတံဆိပ် (၉)ဆု၊ ငွေတံဆိပ် (၁၈)ဆု၊ ကြေးတံဆိပ် (၃၅)ဆု၊ စုစုပေါင်းဆုတံဆိပ် (၆၂)ခုထက် သာလွန်နေပြီဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင်ကျန်ရှိနေသည့်မြန်မာအားကစားအဖွဲ့များဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရှိရသည်၊၊