အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း (၁/၂၀၂၃)ဆင်းပွဲသို့ တက်ရောက်

ရန်ကုန်၊ မတ်လ(၂)ရက်။      

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံသို့ ရောက်ရှိ၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Kum Khmer  အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့်  မြန်မာရိုးရာလက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်က အမျိုးသားများအနေဖြင့် (၅၁)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၅၇)ကီလိုတန်း၊ (၆၀)ကီလိုတန်း၊ (၆၃.၅)ကီလိုတန်း၊ (၆၇)ကီလိုတန်း၊ (၇၁)ကီလိုတန်း၊ (၇၅)ကီလိုတန်း၊ (၈၁)ကီလိုတန်းများတွင်လည်းကောင်း၊ အမျိုးသမီးများအနေဖြင့် (၄၈)ကီလိုတန်း၊ (၅၄)ကီလိုတန်း၊ (၅၇)ကီလိုတန်းများတွင် ပါဝင်ယှဉ်ပြိုင်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အထူးကြိုးစားဆောင်ရွက်နေကြောင်းနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိ၍ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှု အားပေး၍ ပြိုင်ပွဲနည်းကပ်လာပြီဖြစ်သည့်အတွက်  လေ့ကျင့်မှုများ အချည်းနှီး မဖြစ်စေရန်  ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ပြောကြားပြီး  အမျိုးသမီး(၄)ထပ်အိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ပါ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ် ၌ ကျင်းပသည့် အားကစားနှင့်ကာယပညာဦးစီးဌာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် နှင့် ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမြားပစ်သင်တန်း (၁/၂၀၂၃) ဆင်းပွဲသို့ တက်ရောက်၍  အဖွင့်အမှာစကားပြောကြားရာတွင်  မိမိအနေဖြင့် အားကစားနှင့်လူငယ်ရေးရာကဏ္ဍာနှစ်ခုလုံးကို တာဝန်ယူဆောင်ရွက်နေရခြင်းဖြစ်ပြီး လူငယ်များ အနေဖြင့် မိမိဝါသနာပါရာ အားကစားကိုလေ့လာလိုက်စားခြင်းဖြင့်  အားကစားနည်းစနစ်ကို ကျွမ်းကျင် ၍ နိုင်ငံ့ဂုဏ်ဆောင် နိုင်သည့် အပြင်  လူနေမှုဘဝအတွက် အလေ့အထကောင်းများကို ဖြစ်စေသည့်အတွက် မြားပစ် အားစားနည်းတစ်ခုတည်းမဟုတ်ဘဲ အခြားအားကစားနည်းများကိုပါ လေ့လာလိုက်စားစေလိုကြောင်း၊ မြားပစ်အားကစားနည်းကို ယခုလို ဖွင့်လှစ်ပေးနိုင်သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် အခြားတက္ကသိုလ်များလည်း ဖွင့်လှစ်စေလိုကြောင်း၊ ဖွင့်လှစ်မည့် မည်သည့်အားကစားနည်းမဆို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နည်းစနစ်ပိုင်းဆိုင်ရာနှင့် အားကစားအသုံးအဆောင် ပစ္စည်းများအား ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနည်းတစ်ခုအောင်မြင်ဖို့ဆိုလျှင် အခုရေတွင်းတူး အခုရေကြည်သောက်ချင်၍ မရဘဲ အချိန်အတိုင်းအတာတစ်ခုထိပေးဆပ်၍ ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာဖြစ်ပါကြောင်း၊ မြားပစ်အားကစားနည်းသည် တစ်ဦးချင်း အလိုက် လည်းကောင်း၊ အဖွဲ့လိုက်လည်းကောင်း ယှဉ်ပြိုင်ရသည့်အပြင်စိတ်တည်ငြိမ်မှုရှိရပြီး ပြိုင်ပွဲကွင်း၌ လေတိုက်မှုနှုန်းကိုလည်းမှန်းဆတွက်ချက်တတ်ရန်လိုအပ်သည့်အတွက် အားကစားသမား တစ်ဦးချင်း စီ၏ ပင်ကိုယ်အရည်အသွေး အရည်အချင်း ပြည်ဝနေလျင် အောင်မြင်မှုရရှိမှာဖြစ်ပါကြောင်း၊ ယခုခေတ် သည် အသိပညာဖြစ်ထွန်းသော ခေတ်ဖြစ်သည့်အတွက် အနာဂတ်ကြယ်ပွင့်များဖြစ်သည့် လူငယ်များအနေဖြင့် မှန်ကန်စွာတွေးခေါ်ဆုံးဖြတ်တတ်၍ မိမိနိုင်ငံကို ချစ်တတ်ဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ  နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်  ဒေါက်တာကြည်ရွှင်က ကျေးဇူးတင်စကားပြောကြားရာတွင်  ၄င်းအနေဖြင့် မြားပစ်အားကစားနည်းကို တာဝန်ယူပေးအပ်သည့် အချိန်မှစ၍  ကြိုးစားအားထုတ်လုပ်ဆောင်ခဲ့ပါကြောင်း၊ ယခုလိုဖွင့်လှစ်နိုင်ခြင်းမှာလည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ပံ့ပိုးမှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်တို့၏ ပံ့ပိုးမှု ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၏ အနီးကပ်ကြီးကြပ် ဆောင်ရွက်မှုများကြောင့် ယခုလို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပါကြောင်း၊ လာမည့် ဇူလိုင်လမှာ ယခုသင်တန်းမှ ထူးချွန်သူများအား အဆင့်မြင့် မြားပစ်သင်တန်းဖွင့်လှစ်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် ၊ ကောလိပ်များ ပါဝင်သည့် မြားပစ်သင်တန်းကိုလည်း ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့်  ပြိုင်ပွဲ/သင်တန်း ကျင်းပရုံသက်သက်မဟုတ်ဘဲ  လူငယ်များ၏ အတွေးအခေါ် ခံယူချက်များ ၊ စိတ်ပိုင်း ဆိုင်ရာများ မြင့်မားစေရန်အတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းဆင်း အမှတ်တရ (၁၀)မီတာ မြားပစ် အမျိုးသားပြိုင်ပွဲတွင် ဆုရရှိသူများ အား  ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ကလည်းကောင်း၊ (၁၀)မီတာ မြားပစ် အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ကလည်းကောင်း၊ တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းနည်းပြများအား  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို  နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်  ဒေါက်တာ ကြည်ရွှင် ကလည်းကောင်း၊  သင်တန်းဆင်းလက်မှတ်များအား ဒုတိယပါမောက္ခချုပ် ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသား/သင်တန်းသူ များ၏ သရုပ်ပြမြားပစ်ခတ်မှုများအား ကြည်ရှုအားပေး၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရှိရသည်။