အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ Director  General  Of  Olympic  Council  of Asia  and World Aquatic  President  Mr. Husain  AHZ  AI  Musallam  နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၍ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ရန်ကုန်၊ မတ်လ (၁)ရက်။              

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ ညနေ(၅)နာရီအချိန်တွင်  သင်္ယန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ပတ္တမြားအစည်းအဝေးခန်းမ၌  Director General Of Olympic Council of Asia and World Aquatic President Mr. Husain AHZ AI  Musallam  အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံရာ  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဌ ဦးနန္ဒကျော်စွာ၊ ယှဉ်ပြိုင်ရေးနှင့်‌လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးမှ Director  General  Of  Olympic  Council  of Asia and World Aquatic  President  Mr. Husain AHZ AI Musallam  နှင့်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း ကမ္ဘာ့ရေကူးအဖွဲ့ချုပ် ဥက္ကဌအဖြစ် ရွေးချယ်ခံရသဖြင့် ဂုဏ်ပြုလိုပါကြောင်း၊ ယခုလို လာရောက်ပြီး တွေ့ဆုံသည့်အတွက်  အာရှအိုလံပစ်ကောင်စီနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ့ရေကူးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊အသေးစိတ်ဆွေးနွေးနိုင်မည်ဖြစ်သည့်အတွက်များစွာ ဝမ်းမြောက်မိပါကြောင်း၊ မြန်မာ့ရေကူးအားကစားနည်းသည် အစဉ်အလာရှိခဲ့ပြီး ယခုအခါ နိုင်ငံတကာ အဆင့်မီရေကူးကန်များနည်းပါးလာသည့်အတွက် အဆင့်မီရေကူးကန်တည်ဆောက်ရေးအတွက်လည်း ပံ့ပိုးအကြံပြုပေးနိုင်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။

Director General Of Olympic Council of Asia and World Aquatic President Mr. Husain AHZ AI  Musallam ကပြောကြားရာတွင် ယခုလိုကြိုဆိုဂုဏ်ပြုပေးသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းမဟုတ်ဘဲ ၁၉၈၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရောက်ရှိခဲ့သည့်အတွက် မိမိဆွေမျိုးရင်းချာများနှင့် ပြန်တွေ့ရသလို ခံစားရပါကြောင်း၊ ပထမဦးစွာ ရေကူးအားကစားနည်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် မြစ်၊ ချောင်းများ  များစွာရှိသည့်အတွက် ရေကူးအားကစားနည်းနှင့် လိုက်ဖက်ပြီး တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးလိုစိတ်ရှိပါကြောင်း၊ ကလေးတိုင်း ရေကူးအားကစားနည်းနှင့် အကျွမ်းတဝင်ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ စိတ်ကြည်လင် လန်းဆန်းစေခြင်းမှတဆင့် ကျွမ်းကျင်သော ရေကူးအားကစားသမားများ ပေါ်ထွက်လာရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အသက်(၆)နှစ်မှစ၍ ကလေးသူငယ်များအား ရေကူးသင်တန်းပေးခြင်းကို ဆောင်ရွက်လိုပါကြောင်း၊ နည်းပြ(၂)ဦး စေလွှတ်၍ နေပြည်တော်၌ (၁)ဦး၊ ရန်ကုန်၌ (၁)ဦးတာဝန်ပေးအပ်၍ အခြေခံပညာဦးစီးဌာနမှ ကာယဆရာ/ဆရာမများအား သင်တန်းပေးခြင်း၊ ရေကူးအားကစားသမားများအား လေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ပေးလိုကြောင်း၊ ၂၀၂၃ -၂၀၂၄ ဘတ်ဂျက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီရေကူးကန်တည်ဆောက်ရေးကိုလည်း ထည့်သွင်းစဉ်းစားပေးမည် ဖြစ်သည့် အတွက်  Drawing ပုံစံရေးဆွဲ ပေးပို့ပေးရန် လိုအပ်ပါကြောင်း ၊ ဒုတိယအချက်အနေဖြင့် မိမိသည် အာရှအိုလံပစ်ကောင်စီ၌ ၁၉၈၁ ခုနှစ်မှ စတင်ပါဝင်ခဲ့ပြီး အာရှနိုင်ငံများအနှံ့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံအတွက်လည်းများစွာ ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သလို ဆက်လက်ပြီး ဆောင်ရွက်ပေးရန် ဆန္ဒများစွာ ရှိပါကြောင်း၊ အာရှနိုင်ငံများအကြား ဆင်းရဲချမ်းသာ ဖွံ့ဖြိုးဆဲနိုင်ငံများဟူ၍ ခွဲခြားမှုမရှိဘဲ အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးသည် အဓိကကျပါကြောင်း၊ မိမိအနေဖြင့် ဆောင်ရွက်ပေးလိုသည့်ကိစ္စများရှိလျှင် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ် ဥက္ကဌ ဦးနန္ဒကျော်စွာမှ ရေကူးအားကစားနည်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး၊ ဦးခွန်ဂျာအောင် မှ Sports Science, Nutrition နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေးကို ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး မှ Olympic  Council  of Asia  (OCA) ညွှန်ကြားရေးမှူးချုပ် ၊ ကမ္ဘာ့ရေကူးအဖွဲ့ချုပ် ဥက္ကဌ Mr. Husain  AHZ  AI  Musallam နှင့် အဖွဲ့ဝင် Mr. Vinod  Kumar  Tiwari ,Mr. EI  Chaykh  Ahmad  AI  Saabi  Hassan တို့အား အမှတ်တရ လက်ဆောင်များပေးအပ်ပြီး Olympic  Council  of Asia  (OCA) ညွှန်ကြားရေးမှူးချုပ် ၊ ကမ္ဘာ့ရေကူးအဖွဲ့ချုပ် ဥက္ကဌ ကလည်း ကမ္ဘာ့ရေကူးအဖွဲ့ချုပ် Logo အသစ်ပါ အမှတ်တရလက်ဆောင် ပစ္စည်းများအား ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဌ တို့အား ပေးအပ်ခဲ့ပါသည်။ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ ပြည်လမ်းရှိ  Novotel Yangon  Max Hotel  တွင်ကျင်းပသည့်  Olympic  Council  of Asia  (OCA) ညွှန်ကြားရေးမှူးချုပ် အား တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် အတူ တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။