အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံးအမျိုးသား/အမျိုးသမီး အားကစားသမားဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၁)။

အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓါတ် ခိုင်မာမှုများကို ပြသခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အမျိုးသား/အမျိုးသမီး အားကစားသမားဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အားကစားသည် နိုင်ငံ တစ်နိုင်ငံ၏ ဂုဏ်သိက္ခာဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံတိုင်းက အားကစားကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ရှေ့ရှုလုပ်ဆောင်လာကြသည်ကို တွေ့မြင်ရပါကြောင်း၊ အားကစားနယ်ပယ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း အမျိုးသားရေးအဖြစ်ခံယူပြီး ဘက်ပေါင်းစုံမှ အကောင်းဆုံးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း အားကစားပြိုင်ပွဲများတွင် ထူးချွန်အောင်မြင်အောင် စွမ်းဆောင်နိုင်သည့် အားကစားသမားများကို အလုပ်အကိုင်ခန့်အပ်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ဆုကြေးငွေများ ဂုဏ်ပြုချီးမြှင့်ပေးခြင်းနှင့် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားဟောင်းများကိုလည်း ဆုရရှိခဲ့မှုအပေါ်မူတည်၍ ထောက်ပံ့ကြေးများကို လစဉ် ပံ့ပိုးထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ဆွတ်ခူးပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများကို နိုင်ငံတော်က ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၃ခုနှစ်၊ မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ရရှိအောင် စွမ်းဆောင်ပေးနိုင်မည့် အားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်သည် အားကစားကဏ္ဍ၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အားကစား သမားများ၏ စိတ်ဓါတ်ခွန်အားတွေကိုသာမက အနာဂတ်ယုံကြည်မှုခွန်အားများကိုပါ များစွာဖြစ်စေသည့် အဖွဲ့ချုပ်တစ်ခုအဖြစ် ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ ၁၉၉၄ခုနှစ်မှစ၍ တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုများပေးအပ်ခဲ့သည်ကို တွေ့ရှိရပြီး ၁၉၉၅ခုနှစ်နောက်ပိုင်းတွင် ရပ်တန့်သွားခဲ့ပါ ကြောင်း၊ ၂၀၀၃ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်က ပြန်လည် ပေးအပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇ခုနှစ်၊ ၂၀၁၈ခုနှစ်၊ ၂၀၁၉ခုနှစ်နှင့် ၂၀၂၁ခုနှစ်တို့အတွက် တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုများကို မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်က ပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အားကစားလောက ပိုမိုအောင်မြင်တိုးတက်စေရေးအတွက် မီဒီယာ ပိုင်းအနေဖြင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၁၉ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံးအားကစားသမားဆုများကို ရွေးချယ်ခဲ့မှုအခြေအနေများ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ၂၀၁၉ခုနှစ်နှင့် ၂၀၂၁ခုနှစ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများတွင် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် ခဲ့မှုနှင့် အောင်မြင်မှုဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ခဲ့မှု ပုံရိပ်မှတ်တမ်း Video Clips များကို ပြသခဲ့သည်။

ဆက်လက်၍ ၂၀၁၉ခုနှစ်နှင့် ၂၀၂၁ခုနှစ်တို့အတွက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြ သည့် ဘိလိယက်နှင့်စနူကာအားကစားနည်းမှ မောင်မောင်(ခေါ်)ဘုန်းမြင့်ကျော်နှင့် ဦးပေါက်စ၊ အားနစ် အားကစားနည်းမှ မအိန္ဒြေဖူးနှင့် ဗိုဗီနမ်အားကစားနည်းမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀)စီအားလည်းကောင်း၊ ၂၀၁၉ ခုနှစ် နှင့် ၂၀၂၁ခုနှစ်တို့အတွက် ဆုတံဆိပ်များရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့သော မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများကို အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ ၂၀၁၉ ခုနှစ် နှင့် ၂၀၂၁ခုနှစ်တို့အတွက် ဆုတံဆိပ်များရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့သော အုပ်ချုပ်သူနှင့်နည်းပြများကို အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ဆုရရှိသူများအားလုံးကိုယ်စား မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်သူ/ နည်းပြများ၊ မြန်မာနိုင်ငံဘိလိယက်စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။