အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ရန်ကုန်၊ နိုဝင်ဘာလ(၂၇)ရက်။

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဆဌမအကြိမ် စုံညီတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအာကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ အသင်းမှ ဥက္ကဌ၊ အမှုဆောင်များနှင့် အသင်းဝင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အလှူရှင်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံအား အလေးပြု၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအဖွဲ့က ပွဲတိုင်းကျော် သီချင်းအား သံပြိုင်သီဆိုကြ၍ အခမ်းအနားအား စတင်ခဲ့ပါသည်။

အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင်

– မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းအား မြန်မာ့အားကစားလောက တိုးတက်ရေး အောင်မြင်ရေးကို ကူညီပံ့ပိုးအကျိုးဆောင်ရန်၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ ချစ်ခင်ညီညွတ်စွာ စုစည်းနိုင်ရန်နှင့် လူမှုရေးလိုအပ်ချက်များကို ကူညီပံ့ပိုးစောင့်ရှောက်နိုင်ရန်၊ နိုင်ငံတော်၏ အားကစားဆိုင်ရာ ကိစ္စရပ်များတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၈)ရက်နေ့မှ စတင်ဖွဲ့စည်း ဆောင်ရွက်နိုင်ခြင်းအား များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊

– အသင်း စတင်ဖွဲ့စည်းချိန်မှစ၍ ယခုအထိ နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားသမားဟောင်း(၃၁၄)ဦးအထိ အသင်းနှင့်ဆက်သွယ်၍ ပါဝင်ပူးပေါင်း ဆောင်ရွက်လာသည်ကို သိရှိရပါကြောင်း၊

– အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးသို့ သွားရောက်၍ အားကစားဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဝန်ကြီးဌာနမှ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းစသည့် ဆောင်ရွက်ပေးမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊

– နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကြီးများအနေဖြင့်လည်း မိမိတို့၏ အတွေ့အကြုံကောင်းများနှင့် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်ခဲ့၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့မှုများ၊ အောင်စိတ် နိုင်စိတ်မွေးပြီး မြန်မာဆိုတဲ့စိတ်ကို ပြိုင်ပွဲတွေမှာ ပြသယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ စသည့် ကောင်းမြတ်သည့် အစဉ်အလာများကို ယခုမျိုးဆက်သစ် အားကစားသမားများအား လက်ဆင့်ကမ်းပေးကြဖို့ ပြောကြားလိုကြောင်း၊

– နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးများရဲ့ နိုင်ငံနှင့် ပြည်သူအတွက် ကြိုးစားပေးမှုကို ဂုဏ်ပြုသောအားဖြင့် အသက်(၆၀)ပြည့် မြောက်ချိန်မှစပြီး အသက်ရှင် နေသမျှကာလပတ်လုံး လစဉ်ထောက်ပံ့ ချီးမြှင့်ကြေးများ ဆောင်ရွက် ပေးလျက်ရှိရာ ယခုဆိုလျှင် (၂၂၃)ဦးအား လစဉ် စုစုပေါင်း ငွေကျပ်(၁၄၄)သိန်း ချီးမြှင့်ပေးနေပြီဖြစ်ပြီး ထပ်မံ၍ အသက်(၆၀)ပြည့်ပြီးသူများကို ခံစားခွင့်ရရှိနိုင်ရေးအား ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊

– အလားတူ နိုင်ငံတော်က ချီးမြှင့်တဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိရေးအား စိစစ်ထောက်ခံပေးလျက်ရှိရာ ယနေ့အထိ (၄၂၀)ဦး ရရှိပြီး ဆက်လက်၍လည်း စိစစ်ထောက်ခံပေးသွားမည်ဖြစ်ပါကြောင်း၊

– မြန်မာ့အားကစားလောက ပြန်လည်အောင်မြင်မှုရရှိစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ စိတ်ဝင်တစား လမ်းညွှန်ပံ့ပိုးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားလက်ရွေးစင်ဟောင်းများအနေဖြင့်လည်း တစ်ထောင့် တစ်နေရာက ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာ နန္ဒကျော်စွာက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် နာယက မြန်မာ့ရေကူးလက်ရွေးစင်ဟောင်း ဦးသက်ဝင်းက ဆုံးမသြဝါဒ စကားပြောကြားပါသည်။

ထို့နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းသို့ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာ ပထမဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လှူဒါန်းသော ငွေကျပ်(၁၀)သိန်းနှင့် စပို့ရှပ် အထည် (၂၅၀)၊ Truck Suit (၂၇)စုံ ပေးအပ်ရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးနန္ဒကျော်စွာမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ သီရိပျံချီ ဦးအေးမြင့်ကြူ( ပြည်ထောင်စုဝန်ကြီး(ငြိမ်း))နှင့် ဇနီး ဒေါက်တာ ဒေါ်ခင်ဆွေမြင့် ပါမောက္ခ(ငြိမ်း)တို့က ငွေကျပ်(၁၀)သိန်း၊ ဦးဉာဏ်ထွန်းဦးနှင့် ဇနီးမှ ငွေကျပ်(၁)သိန်း၊ ဝဏ္ဏကျော်ထင် ဒေါက်တာ နန္ဒကျော်စွာနှင့်ဇနီး ၊ သမီးတို့က ငွေကျပ်(၁)သိန်း လှူဒါန်းရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်က ငွေကျပ်သိန်း(၂၀)၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးပြုံးမောင်မောင်က ငွေကျပ်(၁၀)သိန်း၊ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ်က ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ငွေကျပ်(၅)သိန်း၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်က ငွေကျပ်(၅)သိန်း၊ ဦးစိုးသိန်း၊ ဦးအေးကျော်လှိုင်နှင့် ဒေါ်နန်းစုငြိမ်းစိုးတို့က ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ စားပွဲ၊ ကုလားထိုင်နှင့် ပရိဘောဂများ လှူဒါန်းရာ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ ဦးနန္ဒကျော်စွာနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင်ခဲ့ပါသည်။

ဆက်လက်ပြီး အလှူရှင်အသီးသီး၏ လှူဒါန်းငွေပေးအပ်မှုများအား တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ နှစ်ပတ်လည်မဂ္ဂဇင်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခဲ့သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်၍ ၂၀၂၁-၂၀၂၂ အတွက် ထုတ်ဝေသော မဂ္ဂဇင်းများကို အမျိုးသားယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်)၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ၊ မော်ကွန်းတိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်နှင့် စာပေဗိမာန်စာကြည့်တိုက်များအား လှူဒါန်းရာ တာဝန်ရှိပုဂ္ဂိုလ်များ က လက်ခံရယူခဲ့ပါသည်။

ယင်းနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အတွင်းရေးမှူး ဦးစိုးသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း အမှုဆောင်များနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။