အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး၊ ဒီဇင်ဘာ (၇) ရက်။

မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ဒီဇင်ဘာလ ၇ ရက် ယနေ့နံနက် ၈ နာရီက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားပြိုင်ပွဲ များ ပြုလုပ်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ကျောင်းသား/သူများ အချင်းချင်း တွေ့ဆုံ၍ ရင်းနှီးချစ်ကြည်စွာ ယှဉ်ပြိုင်ကစားကာ စည်းလုံးညီညွတ်မှု ပိုမိုတိုးတက် ခိုင်မာလာပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်သည့် ပြေးခုန်ပစ် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ မည်ဖြစ်ကြောင်း၊ “အားကစားနှင့်ကင်းကွာသည့် နေ့ရက်မရှိစေရ” ဆိုသည့် အားကစားဆိုင်ရာ ဆောင်ပုဒ်နှင့် အညီ အာကစားသမားများ အနေဖြင့် အားကစားကို မိမိကျန်းမာရေးအတွက် သာမက ကျွမ်းကျင်ယုံကြည်မှု ရှိလာစေရေးအတွက်ပါ စဉ်ဆက်မပြတ် ‌လေ့ကျင့်သွားရမှာ ဖြစ်တဲ့အတွက် အားကစားသမားများမှာ မရှိမဖြစ်လိုအပ်တဲ့ စိတ်ဓာတ် ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှု၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဆိုတဲ့ အချက်(၅)ချက်နဲ့ ပြည်စုံအောင်‌ လေ့ကျင့်ပျိုးထောင် ကြရန်လိုအပ်ကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီး အနေဖြင့် ပြေးခုန်ပစ်အာကစားနည်းတွင် ဆုတံဆိပ်များစွာ ရယူဆွတ်ခူးနိုင်ခဲ့ပြီး ပြေးခုန်ပစ် အားကစားနည်းတွင် အစဉ်အလာကြီးမားတဲ့ တိုင်းဒေ သကြီးတစ်ခုဖြစ်သည်နှင့် အညီ အောင်မြင်မူ အစဉ်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်သော အားကစားသမားများဖြစ်အောင် ကြိုးစား ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် ပြောကြားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ တိုင်‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး၊ ပြိုင်ပွဲပထမနေ့တွင် မီတာ(၁၀၀) အမျိုးသား/အမျိုးသမီး‌ ပြေးခုန်ပစ်၊ မီတာ(၈၀၀)အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်၊ မီတာ(၄၀၀) အမျိုးသား/အမျိုးသမီး လက်ဆင့်ကမ်းပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၅)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန် ပစ်ပြိုင်ပွဲကို ဒီဇင်ဘာ လ(၇)ရက်နေ့မှ ဒီဇင်ဘာလ(၉)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။