အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဘောလုံးနည်းပြ “B” Diploma Coaching Course(Part – 1) သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၁၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “B” Diploma Coaching Course(Part – 1) ဘောလုံးနည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အားကစားနည်းအလိုက် နည်းပြ/ဒိုင်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဘောလုံးအားကစားနည်း ပြန်လည်ရှင်သန်နိုးကြား လာစေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအများစုသည် ဘောလုံးအားကစားနည်းတွင် “C” လိုင်စင်ကိုသာ တက်ရောက်အောင်မြင်ပြီးဖြစ်သည်ကို တွေ့ရှိရသည့်အတွက် ယခု “B” လိုင်စင် (Part–1) သင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး (Part–2) သို့ ဆက်လက် တက်ရောက်နိုင်စေရန်နှင့် ဖြေဆိုအောင်မြင်သူများကို “A” လိုင်စင်သင်တန်းတက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ အားကစားသမား နည်းပြကောင်းများ ပေါ်ထွက်လာစေရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် နည်းစနစ်/နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်၍ အရည်အချင်းပြည့်ဝပြီး မျိုးဆက်သစ်အားကစားသမားများကိုလည်း အကျိုးရှိသည့် Training Plan များဖြင့် ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် နည်းပြကောင်းများ ဖြစ်လာစေရန် သင်ယူလေ့လာဆည်းပူး၍ ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် သင်တန်းနည်းပြ ဦးတင်မြင့်အောင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့မှ (၁၈)ရက်နေ့အထိ သင်တန်းနည်းပြဆရာ(၃)ဦးတို့က သင်တန်းသား/သင်တန်းသူ (၂၄)ဦးတို့အား ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)၊ စုပေါင်းအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဌများနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို အဆင့်အတန်းမြင့်မြင့် ကျင်းပပြုလုပ်နိုင်စေရေးအတွက် အဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် ထည့်သွင်းကျင်းပနိုင်မည့် အားကစားနည်းများကိုသာ ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ အမျိုးသားအားကစားပွဲတော်မှ ထူးချွန်သည့် အားကစားသမားများကို (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက် ရည်ရွယ်ထားပါကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲလာသည့် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျရေးဆွဲသွားရန်လိုကြောင်း၊ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာအနေဖြင့် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်  လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Olympic အားကစားနည်းများကို အဓိကထားကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင် Olympic အားကစားနည်းများကို ထည့်သွင်းကျင်းပသွားရန်   ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပမည့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။