အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဗိုဗီနမ် (ခွန်ဘိုကာတာ) အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၄)။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံရှိ မြို့ကြီး(၅)မြို့တို့တွင် ကျင်းပလျက်ရှိရာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (C)၌ ကျင်းပသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) အားကစားနည်း (အမျိုးသား/အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၊ ဝါးညှပ်အကပြိုင်ပွဲ၊ လက်သိုင်းအပြပြိုင်ပွဲတို့တွင် မြန်မာအားကစားအဖွဲ့မှ အားကစားသမားများ အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ (အမျိုးသမီး)အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုအားလည်းကောင်း၊ မောင်လှိုင်ချစ်ဦးက (အမျိုးသား) အခြေခံ ပြကွက် (လက်) ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မမြတ်နိုးဝေက (အမျိုးသမီး) ဝါးညှပ်အက ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း၊ မောင်ခန့်လွန်းဇော် က (အမျိုးသား)လက်သိုင်းအကပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုအားလည်းကောင်း အသီးသီးဆွတ်ခူး ရရှိခဲ့ပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ငွေတံဆိပ်ဆုရရှိခဲ့သည့် မနီလာစိုးဦးကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများကို တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် PHNON PENH University တွင် ကျင်းပသည့် စစ်တုရင် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲ ၊ နှစ်ယောက်တွဲပြိုင်ပွဲများအားလည်းကောင်း၊ National Olympic Stadium Indoor Hall ၌ ကျင်းပလျက်ရှိသည့် ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားအသင်းမှ မြန်မာအသင်းကို (၃)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ National Olympic Stadium ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား) ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို (၅)ဂိုး၊ ဂိုး(မရှိ)ဖြင့်လည်းကောင်းအသီးသီး ယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြသည်။

မြန်မာအသင်းအနေဖြင့် (၄.၅.၂၀၂၃)ရက်နေ့အထိ ငွေတံဆိပ်(၁)ခု၊ ကြေး(၃)ခု၊ စုစုပေါင်းဆုတံဆိပ် (၄)ခုဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်းသိရသည်။