အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

နေပြည်တော်၊ မတ် (၁၆) ။

ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လမ်းညွှန်ချက်အရ ပြည်နယ်/တိုင်း ဒေသကြီးနှင့်ခရိုင်များရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲခေါင်းစဉ်ဖြင့် ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ခရိုင်တာဝန်ခံများမှ တစ်ဦးလျှင် မိနစ်(၂၀)ခန့်စီ ဟောပြောပို့ချပေးရန်နှင့် ပြောကြားမည့် အကြောင်းအရာများကို ဝန်ကြီးဌာနမှ ပြုစုပြီး သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်များအသိပညာနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲများကို စီမံချက်များ ရေးဆွဲ၍ စနစ်တကျလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အားကစားပိုင်းဆိုင်ရာ အကြောင်းအရာ များ ဟောပြောရာတွင် မူဝါဒ(၅)ချက်ပေါ်မူတည်ပြီး ပြောကြားသွားရန်နှင့် လူငယ်/လူရွယ်များ ငယ်ရွယ်စဉ်အချိန်မှစ၍ စိတ်ဓာတ်၊ စည်းကမ်း၊ အကျင့်စာရိတ္တနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပေါ်ပေါက်လာစေရန်အတွက် ဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဆွေးနွေးတင်ပြရာတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အကျင့်စာရိတ္တကောင်းမွန်စေရန် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယဉ်ကျေးလိမ္မာသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ပြုလုပ်ရာတွင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံချစ်စိတ်ရှိစေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်စေရေးစသည့် ခေါင်းစဉ်များဖြင့် တာဝန်ယူဟောပြောပို့ချသွားမည်ဖြစ်ပါကြောင်း၊ ဟောပြောပွဲများအား အများပြည်သူ သိရှိနိုင်စေရန်အတွက် နိုင်ငံပိုင်သတင်းစာများ၊ TV အစီအစဉ်များနှင့် ရေဒီယိုများတွင် အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်နှင့် ပတ်သက်၍ အမြဲတမ်းသင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ လူငယ်လူရွယ်များသည် နိုင်ငံ၏ အနာဂတ်များဖြစ်ပါကြောင်း၊ ကလေးများကို ပညာသင်ကြားပေးရုံမျှ မဟုတ်ဘဲ အကျင့်စာရိတ္တ ကောင်းမွန်လာစေရန် သွန်သင်ဆုံးမပေးလျက်ရှိပါကြောင်း၊ ယခုပြုလုပ်မည့် ဟောပြောပွဲသည် ကျောင်းသားလူငယ်များအတွက် ကောင်းမွန်သော အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင် တာဝန်ခံများကို Zoom Meeting ပြုလုပ်၍ လိုအပ်သည့် Guide Line များ ပေးသွားမည် ဖြစ်ပါကြောင်း၊ ဟောပြောပွဲ များ ပြုလုပ်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ အကျင့်စာရိတ္တကောင်းမွန်လာစေရန် ရည်ရွယ်၍ ကျောင်းသုံးဗလာစာအုပ် မျက်နှာဖုံး များတွင် (၃၈)ဖြာမင်္ဂလာကဗျာများကို ထည့်သွင်းဖော်ပြ လျက်ရှိပါကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မိမိတို့ဝန်ကြီးဌာနတွင် မူဝါဒ(၁၁)ချက်နှင့် ရည်မှန်းချက်(၁၄)ချက်ရှိပါကြောင်း၊ ကျောင်းသား/သူ များအား အားကစားကဏ္ဍနှင့်ပတ်သက်၍ ဟောပြောပို့ချရာတွင် မူဝါဒ(၁၁)ချက်ထဲမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ ရည်မှန်းချက် (၁၄)ချက်ထဲမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည်ဖော်ရန် စသည့်အကြောင်းအရာများကို ရွေးချယ်၍ ဟောပြောပို့ချ သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးချက်များအပေါ် သုံးသပ်ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရန် အတွက် မူဝါဒများနှင့် Guide Line များကို ချမှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင်များရှိ ပြန်ကြားရေး၊ ပညာရေးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ရှိ တာဝန်ခံဦးစီးမှူးများမှ ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ဟောပြောပို့ချရာတွင် သက်ဆိုင်ရာတာဝန်ခံများမှ တစ်ဦးလျှင် မိနစ်(၂၀)ခန့်စီ ပြောကြားသွားရန်နှင့် ဟောပြောပွဲကျင်းပပြုလုပ်ရာတွင် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်စီစဉ်ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးနှင့် ခရိုင်များရှိ ဝန်ကြီးချုပ်များထံ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအကြောင်းကြားစာပေးပို့ဆောင်ရွက် ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။