အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တောင်ကြီး၊ ဇွန်(၁၇)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘော်လီဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အား ကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရှမ်း ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစား နှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ၊ သင်တန်း သား/သင်တန်းသူများ၊ တိုင်းရင်း သားရိုးရာ အကအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ဘော်လီဘောအားကစားနည်းသည် မြန်မာ့အားကစားလောကတွင် အစဉ်အလာရှိသော အားကစားနည်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော် အတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ မြန်မာ နိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အမှတ်ပေးစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အုပ်ချုပ်သူ/ နည်းပြများ အနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစား ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုး တိုးတက်စေသည့်အပြင် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှုစသည့် လူ့ကျင့်ဝတ်သိက္ခာများတိုးတက်မှုတို့ကို များစွာ အထောက်အကူပြုပါကြောင်း၊ ယခုပြိုင်ပွဲမှထူးချွန်ထက် မြက်သည့် မြန်မာ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ပါစေကြောင်း၊ ယခုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမား များအနေဖြင့် အနိုင်မခံအရှုံးမပေးဘဲ နောက်ဆုံးချိန်အထိ ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင် သွားကြရန် လိုကြောင်း၊ ဒိုင်လူကြီးများမှ ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတစွာ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ အတိုင်း ဆုံးဖြတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ မြန်မာ့အားကစားကို အစွမ်းကုန်ထူးကဲစွာ အား ပေး ချီးမြှောက်နေသည့် အချိန်ကာလ ဖြစ်သည့်အတွက် အားကစားသမားများ အနေနှင့် မိမိတို့၏အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စား ပြုသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အနိုင်ရရှိစေရေး အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အသန့်ရှင်း ဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများမှတဆင့် နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက် တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူများက ထာဝရသစ္စာ တေးသီချင်းဖြင့် တေးသရုပ်ဖော်မှုနှင့် တိုးနယား၊ ကိန္နရီ/ကိန္နရာ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး ခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပြီး ပထမနေ့(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့၏ ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်း၊ အမျိုးသား အသင်း(၁၄)သင်း၊ အမျိုးသမီးအသင်း (၁၄)သင်းဖြင့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း (၄၀၂)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို (၁၇.၆.၂၀၂၂)ရက်နေ့မှ (၃၀.၆.၂၀၂၂) ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရပါသည်။